ရခိုင်ပြည်နယ်တွင်း အကူအညီများပေးအပ်ရာ၌ အသိုက်အဝန်းများအကြား ခွဲခြားမှုမရှိ မျှတစွာ ပေးအပ်ရေးသည် အရေးကြီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်တွင်း အကူအညီများပေးအပ်ရာ၌ အသိုက်အဝန်းများအကြား ခွဲခြားမှုမရှိ မျှတစွာ ပေးအပ်ရေးသည် အရေးကြီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြောကြား



MNP ၊ မေ ၆

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က  နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်‌ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် ပြန်လည်လက်ခံရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက ၎င်းတို့၏ လူမှုဘဝတည်ငြိမ်ရေးအတွက် ဆောင်ရွက်ပေးရန် အရေးကြီးကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ဘဝရပ်တည်ရေးကိစ္စတို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။


အစည်းအဝေးသို့တက်ရောက်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေး ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့မှုရှိစေရေး သက်ဆိုင်သူအားလုံးအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ယင်းကဲ့သို့ ဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းမှ သိရှိရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာသည့် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်အပါအဝင် ကော်မတီဝင်များက ရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် တိုးတက်မှုအခြေအနေများ၊ ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် ပြန်လည်လက်ခံရန် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရသည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လုပ်ငန်းကော်မတီ၏ ၁/၂၀၂၂ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တွဲဖက်အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က သတင်းမှန်ပြန်ကြားရေးကို ထိရောက်စွာဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။


ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်‌ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် ရခိုင်ပြည်နယ်တွင်း အကူအညီများပေးအပ်ရာ၌ အသိုက်အဝန်းများအကြား ခွဲခြားမှုမရှိ မျှတစွာ ပေးအပ်ရေးသည် အရေးကြီးကြောင်း ပြောကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)