သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု၊ ကယ်ဆယ်ရေးပစ္စည်း များနှင့် အထောက်အကူပြု ပစ္စည်းများ သိုလှောင်ထားရှိမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု၊ ကယ်ဆယ်ရေးပစ္စည်း များနှင့် အထောက်အကူပြု ပစ္စည်းများ သိုလှောင်ထားရှိမှု ကြည့်ရှုစစ်ဆေး






MNP ၊ မေ ၉

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင်သည့် အခြေအနေ ရှိနေသဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန်များအား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ ကွပ်ကဲ မှုအောက်ရှိ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ စစ်ရေးပြကွင်း ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အဝေရာမီးပုံးပျံကွင်း၌ လည်းကောင်း အသီး သီးစုဖွဲ့၍ ဒေသအသီးသီးရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ကြ သည်။ ယင်းသို့ ဇာတ်တိုက် လေ့ကျင့်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ထို့ပြင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အဖွဲ့များ ကြိုတင်ပြင်ဆင် ထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြု ပစ္စည်းများ သိုလှောင် ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေး အဆောက်အဦ(Cyclone Shelter) များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ်(၅)မျိုးနှင့် သောက်သုံးရေ လုံလောက်စွာရရှိရန် ဆောင်ရွက် ထားရှိခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီး အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ မေ ၈ ရက်နှင့် ယနေ့တို့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၌ လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောင်းသာမြို့၊ ငွေဆောင်မြို့၊ ပုသိမ်မြို့၊ သာပေါင်းမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် မောင်လမြိုင်ကျွန်းမြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေး မြို့တော်စည်ပင် သာယာရေးကော်မတီ၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာန၊ ချမ်းမြသာစည် မြို့နယ်၊ မြို့ဟောင်းရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးရှိ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံ၊ ဗဟိုသိုလှောင်ရုံ(မန္တလေး)၊ မဟာ အောင်မြေမြို့နယ်ရှိ ဗဟိုဆေးသိုလှောင်ရေးဌာနနှင့် ပြင်ဦးလွင်မြို့နယ်တို့၌ လည်း ကောင်း သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ပြင်ဆင်စုဖွဲ့ ဆောင်ရွက် ထားရှိမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)