သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင်ထားရှိ





MNP ၊ မေ  ၁၀

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်း ဝင်ရောက်နိုင်သည့် အခြေအနေ ရှိနေသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန်များအား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ မိုင်းပန်မြို့၊ မိုင်းနောင်မြို့နှင့် မိုင်းရှူးမြို့တို့ရှိ မြို့နယ်အားကစားကွင်းများ၌ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၌လည်းကောင်း အသီးသီးစုဖွဲ့၍ နယ်မြေခံ တပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်ပူးပေါင်း၍ ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ဇာတ်တိုက် လေ့ကျင့်နေမှု များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့ပြင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အဖွဲ့များ ကြိုတင်ပြင်ဆင် ထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြု ပစ္စည်းများ သိုလှောင် ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေး အဆောက်အဦ(Cyclone Shelter)များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ်(၅)မျိုးနှင့် သောက်သုံးရေ လုံလောက်စွာ ရရှိရန် ဆောင်ရွက် ထားရှိခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင်စုဖွဲ့ဆောင်ရွက် ထားရှိမှုများ၊ ယာဉ်/စက်ကရိယာများ အသင့်စုဖွဲ့ပြင်ဆင်ထားမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြသည်။


ထို့ပြင် ချင်းပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က အမှာစကားပြောကြားပြီး အစည်းအဝေး တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)