အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ မုန်တိုင်းဘေးတုံပြန်ရေးလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ချိတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ မုန်တိုင်းဘေးတုံပြန်ရေးလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ချိတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ








MNP ၊ မေ ၁၁

မုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC) နှင့် တိုင်းဒေသကြီး/ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၁)၊ တိုင်းဒေသကြီး/ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။


ရှေးဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာ၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့(၁၁:၃၀)နာရီအချိန် ထုတ်ပြန်ချက်အရ မုန်တိုင်းငယ်အဆင့်မှ အားကောင်းသော မုန်တိုင်းငယ်အဖြစ် ရောက်ရှိနေပြီး (၁၂-၅-၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အားအလွန်ကောင်း သောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ (၆-၅-၂၀၂၃)နေ့ တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး အရေးပေါ်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ချမှတ်ခဲ့ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို (၈-၅-၂၀၂၃)နေ့ ညနေ(၃)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ စတင် ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းကော်မတီ(၁၂)ခုမှကိုယ်စားလှယ်များ (၂၄)နာရီတာဝန်ထမ်း ဆောင်လျက် ရှိကြောင်း၊ DMC တွင် နေ့စဉ် ညနေ(၃) နာရီ၌ အစည်းအဝေးပြုလုပ်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်း များကိုဆုံးဖြတ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေး အဖွဲ့များနှင့်ညှိနှိုင်းဆောင်ရွက်ကြောင်း၊ DMC နှင့် တိုင်းဒေသကြီး/ပြည်နယ်များ ဆက်သွယ်ရာတွင် သတင်းအချက်အလက်များ မြန်ဆန်စွာရရှိရေး အရေးကြီးပါကြောင်း၊  ပြည်ထောင်စုတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန ဖွင့်လှစ်ထားရှိသကဲ့သို့ နေပြည်တော်ကောင်စီနှင့် တိုင်း ဒေသကြီး/ပြည်နယ်များတွင်လည်း တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဌာနများ ဖွင့်လှစ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသ ကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနများ (၂၄)နာရီ ချိတ်ဆက် ဆောင်ရွက်နိုင်သည့် ဆက်သွယ်မှုကွန်ယက်ထူထောင်ထားရှိပြီး အချိန်နှင့်တပြေးညီ ချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို မြန်ဆန်ထိရောက်စွာ ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ၊ တည်မြဲအမိန့် (၂၀၂၂)တို့ကိုလည်း ရည်ညွှန်းကိုးကားဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားပါသည်။


ဆက်လက်၍ (၆-၅-၂၀၂၃)နေ့က ပြုလုပ်သည့် အမျိုးသားကော်မတီအ‌ရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်(၁၉)ချက်၊ DMC တွင်ပြုလုပ်သည့် (၈-၅-၂၀၂၃)နေ့ အစည်းအဝေးဆုံးဖြတ်ချက်(၁၅) နှင့် (၉-၅-၂၀၂၃)နေ့ အစည်းအဝေး ဆုံးဖြတ်ချက်(၁၇)ချက်တို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။


ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC) အတွင်းရေးမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးစိုးမြင့်အောင် က DMC နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆက်သွယ်ဆောင်ရွက်မှု အခြေအနေ၊  သတင်းအချက်အလက်များ ကောက်ယူမည့်ပုံစံ သတ်မှတ် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။


ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)နှင့် တိုင်းဒေသကြီး/ပြည်နယ် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးများက နေပြည်တော်ကောင်စီနှင့်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ရုံးများ ဖွင့်လှစ်ဆောင်ရွက်နေမှု၊ အရေးပေါ် အစည်းအဝေးများ ပြုလုပ်မှု၊ ရှာဖွေကယ်ဆယ်ရေးနှင့်လုံခြုံရေးအတွက် ကြိုတင်စီမံထားရှိမှု၊ အရေးပေါ်စားရေရိက္ခာ များ ကြိုတင်စုစည်းထားရှိမှု၊ အရေးပေါ် ထပ်မံဝယ်ယူရန် လိုအပ်မည်ဆိုပါက ရရှိနိုင်ရေး ဒေသရှိ ကုန်သည်ကြီးများနှင့် ကြိုတင်ချိတ်ဆက်ထားရှိမှု၊ အရေးပေါ်ခိုလှုံရန်နေရာများကြိုတင်ရွေးချယ် ထားရှိမှု၊ အရေးပေါ်ရွှေ့ပြောင်းရေးစီစဉ်ထားရှိမှု၊ ယာဉ်/စက်ယန္တရားများ၊ စက်သုံးဆီများ အသင့် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ မိမိ တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် မုန်တိုင်းဘေး မကျရောက်ခဲ့သော်လည်း လိုအပ်ပါက အခြားဘေးသင့်ဒေသများသို့ အင်အားဖြည့်ဆည်းပူးပေါင်း ပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဌာနဆိုင်ရာများ အပြင် ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံ ထားရှိမှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေးအတွက် ကြိုတင်ဆောင်ရွက် ထားရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မုန်တိုင်းလမ်းကြောင်းကျရောက်နိုင်သည့် မြို့နယ်များအလိုက် ပိုမိုအလေးထားကြိုတင်ပြင်ဆင်ထားရှိစေလိုကြောင်းနှင့် ပြည်ထောင်စုအဆင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဌာနများ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)