MNP ၊ မေ ၃၁
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အရင်းမ ပျောက် မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က အဖွင့်အမှာစကားပြောကြားရာတွင် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် မွေးမြူရေးလုပ်ငန်းတွေကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော်အတွင်း အသား၊ နို့၊ ဥ စားသုံးမှုဖူလုံရန်နှင့် ပိုလျှံတာများအား အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့နိုင်ရေး၊ ကျေးလက်လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် အထောက်အကူရရှိနိုင်စေဖို့ ရည်ရွယ်ကာ မတည်ထောက်ပံ့ငွေကို အကျိုးရှိစွာအသုံးချနိုင်ရေး ကော်မတီအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက် သွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရမယ့်အခက်အခဲ အတားအဆီးတွေကို လျှော့ချနိုင်ရေး ကော်မတီဝင်အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ရင်းနှီးမတည်ငွေစီးဆင်းမှု လွယ်ကူချောမွေ့စေရေး အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော် အဆင့်လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက် များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို
#MyanmarNationalPost
No comments:
Post a Comment