နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများအား သွားရောက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများအား သွားရောက်စစ်ဆေး







MNP ၊ မေ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်၏ သမိုင်းအကျဉ်းနှင့် ယခုအခါတွင် သဲနုန်းများ များပြားလာပြီး ကန်အဆင့်မြှင့်တင်ရန် လိုအပ်လာသည့်အတွက် ကန်တော်၏အရှေ့ဘက်ခြမ်းတွင် သဲနုန်းများ တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှု၊ ကျွမ်းကျင်ပညာရှင်များဖြင့် တိုင်ပင်ဆွေးနွေးမှုများ ဆောင်ရွက်ပြီး ခေတ်မီစက်ယန္တရားများအသုံးပြု၍ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်လျက်ရှိမှု၊ ကန်တော်တူးဖော်ရာတွင် ထွက်ရှိလာသည့် သဲနုန်းများအား စနစ်တကျဖြင့် ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကန်တော်အတွင်းရှိ မင်္ဂလာရှမ်းကန်ရေလယ်ဘုရားနှင့် ဘုရားကျောင်းဆောင်ကို အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကန်တော်မင်္ဂလာရှမ်းကန်သည် ပျဉ်းမနားမြို့၏ကျက်သရေဆောင် ကန်တော်တစ်ခုဖြစ်ပြီး အမည်နာမနှင့် လိုက်ဖက်ညီအောင် မင်္ဂလာရှိသည့်ကန်တော်တစ်ခုဖြစ်ရမည်ဖြစ်ကြောင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာ၌ လုပ်ငန်းဆောင်ရွက်မှုအဆင့်အလိုက် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို သာယာလှပမှုရှိစေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားစေရေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပျဉ်းမနားမြို့ကိုလည်း ယခင်ကထက် သာယာလှပပြီး အဆင့်မီသည့် မြို့တစ်မြို့ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြို့နေပြည်သူလူကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကန်အဆင့်မြှင့်တင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးပါကလည်း ရေပြန်လည် ဖြည့်တင်းသွားမည့်အစီအမံများကို ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေရရှိနိုင်မည့်နေရာများကိုလည်း သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးတွင်းကာလတွင် ရရှိလာသည့်ရေများကို အဟောသိကံ မဖြစ်ရအောင်နှင့် အကျိုးရှိအောင်အသုံးချနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကန်တော်များအတွင်း ရေများပြည့်နေစေရေးသာမက စိုက်ပျိုးရေများ ပြည့်ဝစွာ ရရှိရေးအတွက်ကိုလည်း စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏မြို့သန့်ရှင်းသာယာလှပစေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခြင်းမှသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သာယာလှပမှုရှိလာစေရေး ကိုယ်စီကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်တူးဖော်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အဆင့်မြှင့် တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကန်တော်မင်္ဂလာရှမ်းကန် ပတ်လမ်းကိုလည်း လမ်းပုခုံးများ စနစ်တကျရှိစေရေး၊ အများပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်နိုင်ရေး၊ စိတ်အေးချမ်းသာစွာဖြင့် လမ်းလျှောက်အနားယူခြင်းများ ပြုလုပ်နိုင်ရေး တို့ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း၊ ကန်တော်အတွင်းရှိ ရှင်ဥပဂုတ္တ ကျောင်းဆောင်တော်ကိုလည်း လမ်းပုခုံး၏အထက်သို့ရောက်ရှိသည်အထိ မြှင့်တင်ရန်နှင့် ပြန်လည်ဒီဇိုင်းရေးဆွဲ၍ ပြုပြင်သွားရန်လိုကြောင်း၊ ကန်၏အလယ်လျှောက်လမ်းကိုလည်း လူအများသွားလာနိုင်သည်အထိ တိုးချဲ့သွားရန်နှင့် ပြန်လည်အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ ကန်ပတ်လည်ရှိ ရေနုတ်မြောင်းများကိုလည်း ပြန်လည်ပြုပြင်သွားရန်လိုကြောင်း၊ လာမည့် ပွင့်လင်းရာသီများတွင် ကျောက်စီမြေထိန်းနံရံအထိ အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ကြိုတင်စီမံသွားရန်လိုကြောင်း၊ သန့်ရှင်းသာယာလှပမှုရှိစေရေး အမြဲမပြတ်ဆောင်ရွက်ရန်နှင့် ကန်ပတ်လမ်းတစ်လျှောက် စိန်ပန်း၊ ပိတောက်၊ ခရေစသည့် သစ်ပင်ကြီးများ၊ ပန်းမန်များကို စိုက်ပျိုးကာ စိတ်ချမ်းမြေ့ဖွယ်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန်လိုကြောင်း၊ သစ်ပင်များ အလင်းဖွင့်ခြင်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်းဖြင့်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)