ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့ . . . - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့ . . .


“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကျောင်းအမြန်အပ်နှံစို့”

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျွန်တော်၏လက်ကိုင်ဖုန်းထဲသို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ပေးပို့သောအထက်ပါ မက်စ်ဆေ့နှိုးဆော်လွှာလေး တစ်ခုရောက်ရှိလာသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်တော့မည်။ ယခုပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့်သင်ကြားပို့ချ မည်ဖြစ်ကြောင်း သိရသည်။


ကျောင်းတံခါးတွေလည်း တစ်ကြိမ်ပြန်ပြီးဖွင့်လှစ်တော့မည်

မကြာမီ မုတ်သုံမိုးဦးဝင်ရောက်လာတော့မည်။ တောင်လေဖြူး သည့် ဤလရာသီတွင် ပင်အိုပင်ပျိုတို့သည် မုတ်သုံမိုးစက်ပွင့်များနှင့် အတူ စိမ်းမြမြနှင့် ယိမ်းကကြပေတော့မည်။ စာသင်ရန်ကျောင်းတံခါး တွေလည်း တစ်ကြိမ်ပြန်ပြီးဖွင့်လှစ်တော့မည်။ အဖြူနှင့် အစိမ်း ကျောင်းဝတ်စုံကိုယ်စီဆင်မြန်းထားသော ချစ်စဖွယ် ရင်သွေးငယ် များကို ကြည်နူးစွာတွေ့မြင်ကြရတော့မည်။


ခေါင်းလောင်းသံချိုမြမြကို ပြန်လည်ကြားယောင်လာသည် -

“လဲနေသူ ထူပေးပါ။

အားငယ်သူ အားပေးပါ။

ရေထဲကလူ ဆယ်ယူပါ။

အကူအညီပေးပါ။”

“အိမ်လမ်း ရွာကျောင်း၊ သန့်ရှင်းကြောင်း၊

စုပေါင်း အမှိုက်သိမ်း။”


ငယ်စဉ်သူငယ်တန်းကျောင်းသားဘဝ မြန်မာသင်ပုန်းကြီးဖတ်စာ သစ်ထဲက ကဗျာများ၊ စာများ သူ့အလိုလိုအံကျလာသည် -

“အရွယ်ရောက်လာ၊ တို့ကျောင်းမှာ၊

ပညာသင်ကြားကြ။

ရွာ၏အလယ်၊ ဂုဏ်ယူဖွယ်၊

တင့်တယ်လှပေစွ။

ကျောင်းသား ကျောင်းသူ၊ ချစ်ကြည်ဖြူ၊

ညီတူဝတ်ဆင်ရ။

ကျောင်းပတ်ဝန်းကျင်၊ နေ့စဉ်ပင်၊

ပြုပြင်သန့်ရှင်းကြ။

ကျောင်းဥယျာဉ်မှာ၊ မျိုးစုံစွာ၊

ညီညာစိုက်ပျိုးကြ။

ကျောင်း၏စည်းကမ်း၊ မပျက်တမ်း၊

ဝန်ထမ်းစောင့်ထိန်းကြ။

တို့ကျောင်းကိုခင်၊ တို့ချစ်လျှင်၊

မြဲပင်လေးစားကြ။

ကျောင်း၏ကျေးဇူး၊ ပညာဖူး

ဆွတ်ခူးနေ့စဉ်ရ။

တို့ကျောင်းဂုဏ်ရောင်၊ တိုးမြှင့်အောင်၊

ရည်ဆောင်ကြိုးစားကြ”


ဟူသည့် တတိယတန်းမြန်မာဖတ်စာသစ်ထဲက “တို့ကျောင်း”ကဗျာ လေးကိုလည်း နှုတ်တက်ရွရွအံမိပြန်ပါသည်။


ပြန်လည်အမှတ်ရအောက်မေ့

ဝလုံးလေးကိုဝိုင်းအောင် မရေးတတ်၍ ကျွန်တော့်လက်ဆစ် လက်ခေါက်ကို ပေတံဇောင်းဖြင့် ခေါက်၍ခေါက်၍ သင်ကြားပေးခဲ့ပါသော သူငယ်တန်းပြဆရာမလေးအပါအဝင် ငယ်ဘဝက အနန္တကျေးဇူး ရှင် ဆရာ ဆရာမများကို ပြန်လည်အမှတ်ရအောက်မေ့လာမိသည်။

ငယ်ဘဝက ကျောင်းနေဖက်ငယ်သူငယ်ချင်းအများစုနှင့်မူ ကျောင်းသားစုံညီပွဲတော်များ၌ မကြာခဏဆုံတွေ့ဖြစ်သည်။ အချို့ကအရာရှိအရာခံ၊ ကုန်သည်ပွဲစား၊ လုပ်ငန်းရှင်ဘဝတို့ဖြင့် တင့်တောင်း တင့်တယ်။ အချို့ကား လက်လုပ်လက်စားဘဝဖြင့် ဘဝကိုရုန်းကန် ဖြတ်သန်းလျက်။ ဘဝခရီးကို သက်သောင့်သက်သာဖြတ်သန်းသူ အများစုအား လေ့လာကြည့်လျှင် ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ကြားပြီးမြောက်သူ၊ ဘွဲ့ရပညာတတ်များဖြစ်ကြလေသည်။ ဘဝခရီးကို ပင်ပန်းကြီးစွာဖြတ်သန်းနေကြသူအများစုမှာမူ ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ခဲ့ကြသူများ ဖြစ်နေလေသည်။


အချိန်နှင့် ဒီရေသည်လူကိုမစောင့်။ ကုန်လွန်သွားသည့်အချိန် ကာလများကပြန်လည်၍ မရစကောင်းပေ။ အချို့ကငယ်ရွယ်စဉ်မှာ ပညာကောင်းစွာမရှာခဲ့မိ၍ စိတ်ပျက်အားငယ်ကြရှာသည်။ သို့သော် သူတို့၏တူညီသောဆန္ဒကား မိမိတို့၏ရင်သွေးငယ်များကို ပညာတတ်များဖြစ်စေချင်ကြသည်။ ဘဝပေးအသိ၊ ဘဝပေးသင်ခန်းစာများအရ ဖြစ်ပေလိမ့်မည်။

မှန်ပါသည်။ မိဘတို့သည် မိမိရင်သွေးငယ်များ ဘွဲ့ရပညာတတ် များ ဖြစ်လာစေရေးအတွက် ပညာသင်ချိန်တွင် ပညာသင်ကြားနိုင်မည့် အခြေခံအခွင့်အလမ်းကောင်းများကို ဖန်တီးဖော်ဆောင်ပေးရန် လိုအပ်သကဲ့သို့ ရင်သွေးငယ်များဘက်ကလည်း ဘွဲ့ရပညာတတ်များ ဖြစ်လာစေရန် ကိုယ်တိုင်ကြိုးစားသင်ကြားသင်ယူကြရမည်ဖြစ်သည်။ မိဘဟူသည်က အခြေခံအခွင့်အလမ်းကောင်းများကို ဖန်တီးဖော်ဆောင်ပေးရုံမျှသာ တတ်နိုင်သည်။ ကိုယ့်ရင်သွေးငယ်များကို ဘွဲ့ရပညာတတ်ကြီးတစ်ယောက်ဖြစ်လာအောင် ဥုံဖွဟူ၍ မန်းမှုတ် လုပ်ဆောင်ပေးကာမရနိုင်ပေ။ ရင်သွေးငယ်ကျောင်းသားကိုယ်တိုင်က ကြိုးစားမှဖြစ်လာနိုင်မည့်အရာဖြစ်သည်။ ဆိုရလျှင် မိဘကသားသမီးကို ကျောင်းထားပေးရမည့်ဝတ္တရားရှိသလို သားသမီးကလည်း စာကြိုးစားရမည့်တာဝန်ရှိပေသည်။

သို့ရာတွင် အသိမိတ်ဆွေကျောင်းသားမိဘအချို့မှာမူ စိတ်ခံစားချက်များအရ ပြီးခဲ့သည့်နှစ်နှစ်တာကာလအတွင်း မိမိရင်သွေးငယ်များကို ကျောင်းအပ်နှံရေးအတွက် ပျက်ကွက်မှုအချို့လည်းရှိခဲ့သည်။


ကိုယ်ပိုင်သုံးသပ်ဆုံးဖြတ်ရမည့်ကိစ္စသာ

“ကျွန်တော်တို့လူမျိုးသည် အရာရာအပေါ် ခံစားလွယ်လွန်း၊ သံသယရှိလွန်း၊ အလေးအနက်ထားလွန်းကြလျက် နိုင်ငံရေးနှင့် ဝါဒ ရေးရာတို့အား ဘဝဝယ်အရေးအကြီးဆုံးအရာသဖွယ် မှတ်ယူကြ သည်။ နိုင်ငံရေးနှင့် ဝါဒရေးရာတို့ဟူသည် အရေးကြီးပေသည် မှန်သော် လည်း လူ့ဘဝဇာတ်ခုံ၌ အဓိကအကျဆုံးတော့မဟုတ်ပေ။ လူသား အချင်းချင်းစည်းလုံးညီညွတ်စွာ လိုက်လျောညီထွေနေထိုင် ဆက်ဆံ သွားနိုင်ရေးသည်သာ အဓိကပင်”ဟူသည့် ဒေါက်တာမောင်မောင်၏ တစ်ချိန်က သုံးသပ်ရေးသားချက်အချို့ကို အမှတ်ရမိသော်လည်း မိမိ ရင်သွေးငယ်တို့၏အနာဂတ်ဘဝကို ကာယကံရှင်မိဘများကိုယ်တိုင် သာ ကိုယ်ပိုင်သုံးသပ်ဆုံးဖြတ်ရမည့်ကိစ္စသာဖြစ်ပေသည်။

“နှုတ်မှုပညာကိုလည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း ငယ်၏ဟူ၍ မအောက်မေ့ရာ။ ကုန်စင်အောင်တတ်မူကား တစ်ခုတည်း သောအတတ်သည်လည်း အသက်မွေးကျောင်းဖြစ်လေသတည်း”ဟူသည့် လောကနီတိပါအတိုင်း အသိပညာ၊ အတတ်ပညာဟူသည် လောကလူသားတို့၏ ဘဝခရီးတွင်အရေးပါရုံသာမက အနာဂတ်နိုင်ငံ တော်၏ ရှေ့အနာဂတ်ခရီးအတွက်လည်း အဓိကအကျဆုံးဖြစ်ပေသည်။

နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကတည်ဆောက်ရခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များပေါ်ထွက်လာစေရန် အလေးထား ဆောင်ရွက်နေသကဲ့သို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား ကျောင်းသူများအားလုံး အနည်းဆုံးအလယ်တန်း အဆင့် (KG+9) ပြီးမြောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး စိတ်ပါဝင်စားသူများတက်ရောက်နိုင်သည့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်း ကို ခရိုင် ၅၀ တွင်ဖွင့်လှစ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ G စာမျက်နှာ ၈ မှ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ပညာရေးလမ်းသွယ်လေးမျိုး သင်ယူနိုင်မည့်အခွင့်အလမ်း

အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသားလူငယ်များအနေဖြင့် အခြေခံပညာ (အထက်တန်း)၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ် ပညာ၊ မွေးမြူရေးအတတ်ပညာစသည့် ပညာရေးလမ်းသွယ်လေးမျိုး သင်ယူနိုင်မည့်အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်သည်။ ထူးချွန်ထက်မြက်သူများအနေဖြင့်လည်း ဝါသနာပါရာ အဆင့်မြင့်ပညာများကိုသက်ဆိုင်ရာ သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင် ဆက်လက်သင်ယူနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပပညာတော်သင်များအဖြစ်လည်း မျှော်မှန်းနိုင်မည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ ၂၆ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအားတွေ့ဆုံစဉ် “လူငယ်ဆိုသည်မှာ အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် သားကောင်းရတနာများ ပင်ဖြစ်ပါကြောင်း။

ပညာထူးချွန်ပြီး ထက်မြက်သည့်ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာအတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ်သောအရည်အသွေးများပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချတည်ဆောက်ခြင်းပင် ဖြစ်ကြောင်း။

ထို့ကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စီမံကိန်းကို ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့်နိုင်ငံ့ သားကောင်းများ ပေါ်ပေါက်လာစေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဆိုသည့် ကောင်းမြတ်သောရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိကိုယ်တိုင်၊ မိမိကျောင်း၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်၏အကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သစ္စာရှိစွာ ပခုံးပြောင်းတာဝန်ယူဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းမှာကြား လိုကြောင်း” စသည်ဖြင့် ဩဝါဒစကားပြောကြားခဲ့သည်။


မြေတောင်မြှောက် ပြုစုပျိုးထောင်

အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ရမည့် သားကောင်းရတနာဟူသည် အလိုအလျောက် ပဒေသာပင်မြေကပေါက်လာသည်မဟုတ်ပါ။ မိဘဆရာသမားတို့၏ စနစ်တကျမြေတောင်မြှောက် ပြုစုပျိုးထောင်ပေးခြင်းဖြင့်သာ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မည် ဖြစ်ပေသည်။

သို့ဖြင့် မိမိရင်သွေးငယ်များကို အနာဂတ်တွင် နိုင်ငံတော်ကအားထားရသည့်၊ မိသားစုက အားကိုးရသည့်၊ ရပ်ရွာကအလေးထားလေးစားရသည့် သားကောင်းရတနာများဖြစ်လာစေရန် ကျောင်းသား မိဘတိုင်းကလာမည့်မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကျောင်း အမြန်အပ်နှံကြဖို့ ထပ်ဆင့်နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။ ။


ကျောင်းသားမိဘတစ်ဦး


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)