ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး

 လင်းလက်နေခြည်


သမိုင်းကြောင်း

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ၁၉၉၂ ခုနှစ် ဧပြီ ၄ ရက်တွင် သမ္မတ Boris Yeltsin က အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဖြစ်ပွားနေသည့် အဂတိလိုက်စားမှုများကို တိုက်ဖျက်နိုင်ရေးအမိန့် ဒီကရီတစ်ခုကိုထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့် ဒီကရီအရ အများပြည်သူဆိုင်ရာအရာရှိများအနေဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းကို တားမြစ်ထားသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ဝင်ငွေ၊ အိမ်ခြံမြေနှင့် အခြားပိုင်ဆိုင်မှုများ၊ ဘဏ်စာရင်းများ၊ ငွေကြေးပိုင်ဆိုင်မှုစာရင်းများကို ထုတ်ဖော်ကြေညာရသည်။ အဆိုပါ ဆောင်ရွက်ချက်များသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကနဦးဆောင်ရွက်ချက်များပင်ဖြစ်သည်။

ရုရှားသမ္မတ ဒီမစ်ထရီမာဘီဒတ် (Dmitry Medvedev) သည် သမ္မတရာထူးကို ရယူခဲ့ပြီး နောက် ၂၀၀၈ ခုနှစ် မေ ၁၉ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်တစ်ခုကို လက်မှတ်ရေးထိုးကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကောင်စီ (Anti-Corruption Council) ကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဇူလိုင်တွင် အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်တစ်ခုကို ချမှတ်ကာ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့သည်။


ဒီမစ်ထရီလက်ထက် ဆောင်ရွက်ချက်များ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကောင်စီ၏ ပထမဆုံးအကြိမ်အဖြစ်ကျင်းပသည့် အစည်းအဝေးတွင် “မိမိအနေနဲ့ ရိုးရိုးရှင်းရှင်းနဲ့ စိတ်မကောင်းစရာစကားကို ထပ်ပြောရဦးမယ်။ မိမိတို့နိုင်ငံမှာ အဂတိလိုက်စားမှုတွေ ပျံ့နှံ့နေပြီး၊ ရုရှားလူ့အဖွဲ့အစည်းရဲ့ ပုံမှန်ကြုံတွေ့နေကျ အရာတစ်ခုလိုဖြစ်နေပြီ”လို့ ထုတ်ဖော်ပြောကြားခဲ့သည်။ ဒီမစ်ထရီချမှတ်ခဲ့သည့် အမျိုးသားအဆင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတစ်ခုကို ပြဋ္ဌာန်းသွားရန် ချမှတ်ထားသဖြင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် အဂတိလိုက်စားမှု တန်ပြန်တိုက်ဖျက်ရေးဥပဒေ (On Corruption Counter-action) ကို ဥပဒေအမှတ် 273-FZ ဖြင့် ပြဋ္ဌာန်းခဲ့သည်။


ဒီမစ်ထရီအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပထမဦးစားပေးဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ဥပဒေပြဋ္ဌာန်းပြီး ၂၀၁၀ ပြည့် နှစ် ဧပြီ ၁၃ ရက်တွင် သမ္မတရုံးအမိန့် ဒီကရီ ၄၆၀ ဖြင့် အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာကို ချမှတ်ခဲ့ပြီး နှစ်နှစ်တစ်ကြိမ် ပြင်ဆင်ဖြည့်စွက်ခြင်း ပြုလုပ်ခဲ့သည်။ သို့ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ သိသာထင်ရှား အောင်မြင်စွာ ဆောင်ရွက် နိုင်ခြင်းမရှိခဲ့သည့် ဒီမစ်ထရီအနေဖြင့် ၂၀၁၁ ခုနှစ် မေ ၄ ရက်တွင် Criminal Code နှင့် Code of Administrative Offences တို့ကို ပြင်ဆင်ကာ အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်မှု ကို အဆ ၁၀၀ ခန့်အထိ တိုးမြှင့်ကာ ရူဘယ်သန်း ၅၀၀ အထိတိုးမြှင့်ခဲ့သည်။


ဗလာတီမာပူတင် လက်ထက်တွင်လည်း

ဒီမစ်ထရီ၏ ဆောင်ရွက်မှုများသည် သိသာထင်ရှားသည့် ရလဒ်များရခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့၏ အဂတိလိုက်စားမှုအညွှန်းကိန်းများတွင် ရမှတ်များသိသာထင်ရှားစွာ တိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ယခင်နှစ်ထက် ရမှတ်တိုးတက်လာပြီး နိုင်ငံအဆင့် ၁၁ ဆင့်အထိ တိုးတက်လာခဲ့သည်။


ရုရှားနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြောင်း လေ့လာမည်ဆိုပါက လက်ရှိသမ္မတဖြစ်သူ ဗလာတီမာပူတင်၏ အခန်းကဏ္ဍကိုပါ ထည့်သွင်းသုံးသပ်ရန် လိုအပ်မည်ဖြစ် သည်။ ပူတင်သည် ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိလည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ လည်းကောင်း ဝန်ကြီးချုပ်တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ လက်ရှိအချိန်အထိ လည်းကောင်း သမ္မတတာဝန်ထမ်းဆောင်နေသူ လည်း ဖြစ်သည်။


ဒီမစ်ထရီလက်ထက်တွင် ဝန်ကြီးချုပ်တာဝန်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခဲ့ပြီး ၎င်းစတင်တာဝန်ယူသည့်အချိန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အရေးကြီးသည့် ပိုင်ဆိုင်မှုကြေညာခြင်း အခန်းကဏ္ဍကို စတင်မိတ်ဆက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး အများပြည်သူဆိုင်ရာ အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုတွင် အကျိုးစီးပွား ပဋိပက္ခဖြစ်မှုအခြေအနေများကို တားဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး အစိုးရဌာန အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ပိုင်ဆိုင်မှုကို ထုတ်ဖော်ကြေညာရန် ဆောင်ရွက်ခဲ့ သည်။


ထို့ပြင် ဥပဒေပါ ပုဒ်မများကို ပြင်ဆင်ဖြည့်စွက် ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဥပဒေပုဒ်မ ၁၃၀ တွင် အဖွဲ့အစည်းများအားလုံးအနေဖြင့် “အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဌာန သို့မဟုတ် တာဝန်ခံများထားရှိရန်၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းများ နှင့် အစိုးရဌာနအဖွဲ့အစည်းများတွင် ကျင့်ဝတ် ချမှတ်ထားရန်၊ အကျိုးစီးပွားပဋိပက္ခ တားဆီး ကာကွယ်ရေးတို့ကို ဆောင်ရွက်ရန်နှင့် စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များကို လိမ်လည်ခြင်း မရှိစေရေးတို့ ဆောင်ရွက်ရန်” ပြဋ္ဌာန်းထားသည်။ အထူးသဖြင့် ပူတင်လက်ထက်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း (OECD) လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းသို့ ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာ

ရုရှားနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက် တွင် အမိန့်ဒီကရီအမှတ် ၄၇၈ ဖြင့် အမျိုးသား အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ် (၂၀၂၁-၂၀၂၄) ကို ချမှတ်ခဲ့သည်။ အစီအစဉ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး စံနှုန်းများ ချမှတ်ခြင်း၊ အကျိုးစီးပွားပဋိပက္ခ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ သတင်းအချက်အလက်များ လုံခြုံစွာထိန်းသိမ်းခြင်း၊ ပုဂ္ဂလိကကဏ္ဍ အဂတိ လိုက်စားမှုတိုက်ဖျက်ခြင်း၊ အများပြည်သူဝယ်ယူမှု ကဏ္ဍ၌ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် ပြည်တွင်း ပြည်ပ ပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် လုပ်ငန်း နယ်ပယ် ၁၆ ခု ပါဝင်သည်။


အကျိုးစီးပွားပဋိပက္ခ တားဆီးကာကွယ်ခြင်းနှင့် ပိုင်ဆိုင်မှုကြေညာခြင်း

အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးအစီအစဉ်တွင် အကျိုးစီးပွားပဋိပက္ခ အခြေ အနေများကို တားဆီးကာကွယ်နိုင်ရေးအတွက် အစိုးရဌာန အဖွဲ့အစည်းများအတွင်း ရာထူး တိုးမြှင့်ခြင်းကဲ့သို့သော ရပိုင်ခွင့်များနှင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခြင်းတို့တွင် အဂတိလိုက်စား မှုများမဖြစ်ပေါ်စေရန် လိုအပ်သော မူဝါဒ လုပ်ထုံး လုပ်နည်းများ ချမှတ်ထားရန် ပြဋ္ဌာန်းထားသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၀ တွင် အစိုးရဝန်ထမ်းများနှင့် စည်ပင်သာယာရေး ဝန်ထမ်းများအနေဖြင့် အများပြည်သူအကျိုးစီးပွား သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ရာတွင် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ရောထွေး ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းတာဝန်ထမ်းဆောင်မှုများတွင် ပြည်သူ့ဘဏ္ဍာငွေ၊ ပြည်သူပိုင်ပစ္စည်းများနှင့် အခြားဘေးကိစ္စရပ်များတွင် ကိုယ်ကျိုးစီးပွားများ ဦးတည်ဆောင်ရွက်ခြင်းဖြင့် အကျိုးစီးပွား ပဋိပက္ခ အခြေအနေကို ဖြစ်ပေါ်စေသည်ဟု ဖော်ပြထားသည်။


ပုဒ်မ ၁၁ တွင် အစိုးရဝန်ထမ်းများနှင့် စည်ပင်သာယာရေး ဝန်ထမ်းများသည် ယခုကဲ့သို့သော အခြေအနေများကို ရှောင်ရှားနိုင်ရန်အတွက် လိုအပ်သော အစီအမံများ စီမံဆောင်ရွက်ရန်နှင့် ထိုကဲ့ သို့သော အခြေအနေများပေါ်ပေါက်ပါက သတိပြုမိ သည်နှင့် အထက်အဆင့်သို့ စာဖြင့် ရေးသားတင်ပြရန် လိုအပ်ပြီး သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ အနေဖြင့်လည်း လိုအပ်ပါက အကျိုးစီးပွားပဋိပက္ခ တားဆီးကာကွယ်ရေးအတွက် တားဆီးကာကွယ် ရေးလုပ်ငန်းစဉ်များ ချမှတ်ထားရန် ပြဋ္ဌာန်းထားသည်။


ထို့ပြင် အစိုးရဝန်ထမ်း သို့မဟုတ် စည်ပင်သာယာရေး ဝန်ထမ်းများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း၊ အခြားစီးပွားရေး လုပ်ငန်းများတွင် အစုရှယ်ယာပါဝင်ခြင်း ကဲ့သို့သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုရှိနေပါက အဆိုပါ စီးပွားရေးလုပ်ငန်းကို ယုံကြည်စိတ်ချရသော အခြားသူတစ်ဦးထံသို့ တရားဝင်လွှဲပြောင်း ပေးခြင်းဖြင့် အကျိုးစီးပွားပဋိပက္ခ အခြေအနေကို တားဆီးရန် ပြဋ္ဌာန်းထားသည်။ အကျိုးစီးပွားပဋိပက္ခ အခြေအနေကို စစ်ဆေးဖော်ထုတ် တွေ့ရှိရပါက ရာထူးမှ ထုတ်ပယ်ခြင်းကဲ့သို့သော စည်းမျဉ်း၊ စည်းကမ်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားရန် ပုဒ်မ ၁၁ (င) တွင် ပြဋ္ဌာန်းထားသည်။


အဂတိလိုက်စားမှု တားဆီးကာကွယ်‌ရေးတွင် အကျိုးစီးပွားပဋိပက္ခ တားဆီးကာကွယ်နိုင်ရေးအတွက် ပိုင်ဆိုင်မှုကြေညာခြင်း၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသဖြင့် ရုရှားနိုင်ငံ၏ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၈) တွင် အစိုးရဝန်ထမ်းများနှင့် စည်ပင်သာယာရေး ဝန်ထမ်း များအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ ရရန် ပိုင်ခွင့်နှင့် ပေးရန်တာဝန်များ စာရင်းကို သက်ဆိုင် ရာ ဌာနသို့တင်သွင်းရန် တာဝန်ရှိသည်။ ပိုင်ဆိုင်မှုကြေညာခြင်းကို ပျက်ကွက်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများ အနေဖြင့် ပိုင်ဆိုင်မှုကြေညာခြင်းပါ အချက်အလက် များကို လျှို့ဝှက်ထိန်းသိမ်းထားရန်ဖြစ်ပြီး လိုအပ်သည့် အချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာရန် ဖြစ်သည်။


ပိုင်ဆိုင်မှုကြေညာခြင်း ညွှန်ကြားချက်

ရုရှားနိုင်ငံတွင် အစိုးရဝန်ထမ်းများနှင့် စည်ပင်သာယာရေးဝန်ထမ်းများ၏ ပိုင်ဆိုင်မှု ကြေညာခြင်းနှင့် စပ်လျဉ်း၍ အမိန့်ကြေညာချက်တစ်ခုကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်အရ အများပြည်သူဆိုင်ရာဌာနများတွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသူများ၊ တာဝန်ထမ်းဆောင်ရသူများနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်များ၊ အမွေစားအမွေခံ သားသမီးများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှု၊ ရရန်ပိုင်ခွင့်နှင့်ပေးရန် တာဝန်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အတွင်း တင်ပြသွားရန် ဖြစ်သည်။


ပိုင်ဆိုင်မှုကြေညာထားသည့် ဝန်ထမ်းများ၏ အချက်အလက်များကို http:// state. Kremlin.ru/president/income/administration/incomes တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ၏ စာရင်းများအရ အများပြည်သူဆိုင်ရာ အရာရှိ ၇၉၁၇၃၈ ဦးတို့အနေဖြင့် ပိုင်ဆိုင်မှုကြေညာထားသည်ကို တွေ့ရသည်။


နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး

ရုရှားနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းသို့ ၂၀၀၆ ခုနှစ် မတ် ၈ ရက်တွင် အတည်ပြုဝင်ရောက်ထားသည်။ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) နှင့်လည်း နီးကပ်သည့် ဆက်ဆံရေးတည်ဆောက်ထားနိုင်ပြီး TI ရုံးခွဲကို ၁၉၉၃ ခုနှစ် ကတည်းက ရုရှားတွင် ဖွင့်လှစ်ထားနိုင်ခဲ့ပြီး အဖွဲ့အစည်းပေါင်း ၁၀၀ နှင့်လက်တွဲ၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် Kaliningrad, Saint Petersburg, Moscow, Yekaterin burg နှင့် Barnaul တို့တွင် TI ရုံးခွဲများ ဖွင့်လှစ်ထားသည်။


ရလဒ်များ

အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့၏ ၂၀၂၁ ခုနှစ်အတွက် ထုတ်ပြန်သည့် အဂတိ လိုက်စားမှုအညွှန်းကိန်း (Corruption Perception Index _ CPI) တွင် ရုရှားနိုင်ငံ၏ ရမှတ်များကို လေ့လာကြည့်ပါက အောက်ပါအတိုင်း တွေ့ရသည်-


ပုံ-၁      ရုရှားနိုင်ငံ၏ CPI ရမှတ်များ ( 0 သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဆိုးဆုံးဖြစ်၍ ၁၀၀ သည် အကောင်းဆုံးဖြစ်သည်)



ကမ္ဘာ့ဘဏ်၏ အဂတိလိုက်စားမှု ထိန်းချုပ်နိုင်မှု အညွှန်းကိန်းရလဒ်

ကမ္ဘာ့ဘဏ်၏ အဂတိလိုက်စားမှု ထိန်းချုပ်နိုင်မှု အညွှန်းကိန်းရလဒ်များကို လေ့လာကြည့်မည် ဆိုပါကလည်း ရုရှားနိုင်ငံသည် အဂတိလိုက်စားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ဆောင်ရွက်နေ သည်ကို တွေ့ရှိရသည်-


ပုံ-၂ ရုရှားနိုင်ငံ၏ အဂတိလိုက်စားမှုထိန်းချုပ်နိုင်မှုရမှတ်များ (၁၀၀ သည် အဂတိလိုက်စားမှု ထိန်းချုပ်နိုင်မှု အကောင်းဆုံးဖြစ်၍ ၀ သည် ထိန်းချုပ်နိုင်မှုမရှိခြင်းကို ဖော်ပြသည်)



နိုင်ငံတကာလေ့လာ

မိမိတို့ မြန်မာနိုင်ငံတွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပြဋ္ဌာန်းပြီးဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ရုရှား နိုင်ငံကဲ့သို့သော စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေး စသည်ဖြင့် အဘက်ဘက်မှ ပြည့်စုံသည့် နိုင်ငံပင်လျှင် အဂတိလိုက်စားမှုများကို တွန်းလှန်တိုက်ဖျက် နေရဆဲဖြစ်သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မြန်မာ နိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများ၏ ‌ဆောင်ရွက်မှုများကို အစဉ်လေ့လာ၍ မိမိနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် နမူနာယူသင့်သည်များ ရယူနိုင်ရေး ရေးသားပြုစု တင်ပြလိုက်ရပါသည်။ ၊၊


ကိုးကား-


-https://anticor.hse.ru/


-https://www.dlapiper.com/en-us


-https://www.transparency.org/en/


-https://www.unodc.org/unodc/en/


-https://www.worldbank.org/en/who-we-are


-အခြားအချက်အလက်များ


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)