Pages

Pages

စိတ်ပျက်နေတာမျိုးမရှိဘဲ ဒီပွဲကို ငါတို့နိုင်အောင် ချမယ်ဆိုတယ့်စိတ်နဲ့ အတူတူ ကြိုးစားခဲ့ကြလို့ ဒီနေ့နိုင်ပွဲကို ရတာပါ ဟု ထိုင်းအသင်းကို (၄-၂)ဖြင့် အနိုင်ယူခဲ့သည့် မြန်မာအမျိုးသမီး အသင်းခေါင်းဆောင် ခင်မာလာထွန်း ပြော




MNP ၊ မေ ၁၂

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အကြိုဗိုလ်လုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ မေလ ၁၂ရက် မြန်မာစံတော်ချိန် ၆နာရီ ၃၀မိနစ်က ယှဉ်ပြိုင်ကစားခဲ့ပြီးမြန်မာအသင်းက ၄-၂ ဂိုးဖြင့် ထိုင်းအသင်းကို အနိုင်ရရှိကာ ဗိုလ်လုပွဲစဉ်သို့တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းအနေဖြင့် ရွှေဖလားလုပွဲ ကို ဗီယက်နမ်အမျိုးသမီးအသင်းနှင့်(၁၅-၅-၂၀၂၃) ရက်နေ့ ည ၇ နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


ထိုင်းအမျိုးသမီးနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း၊ ဇွန်ယုယဦး၊ မိုးမမစိုး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ စန်းသော်သော်၊ ရူပါခိုင်၊ ဝင်းသိင်္ဂီထွန်းတို့ကို အသုံးပြုခဲ့ပြီး ပွဲစတင်ပြီးမကြာမီ ပွဲချိန်၁၀မိနစ်တွင် ထိုင်းအသင်းတိုက်စစ်ဆင်မှုမှ ထိုင်းကစားသမား Saowalak က ထိုင်းအသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့သည်။ ဆက်တိုက်ဆိုသလို ထိုင်းအသင်း ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် မြန်မာအသင်းဘက်သို့ ထိုးဖောက်နေခဲ့ပြီး ၁၈မိနစ်တွင် ထိုင်းကစားသမား Orapin အဝေးကန်ချက်ဖြင့် ထိုင်းအသင်း ဒုတိယဂိုးဆက်တိုက်ရရှိခဲ့သည်။ 


မြန်မာအသင်း ပွဲစဉ်အစပိုင်းတွင် အထနှေးနေခဲ့ပြီး ဒုတိယဂိုးခွင့်ပြုပြီးသည့်အချိန်တွင် တိုက်စစ်မြှင့်တင်ကစားခဲ့ပြီး ပထမပိုင်းပြီးဆုံးကာနီး ပွဲချိန် ၄၃မိနစ်တွင် မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို တောင်ပံကစားသမား ရူပါခိုင်ကသွင်းယူပေးခဲ့သည်။ မြန်မာအသင်း အဖွင့်ဂိုးရရှိပြီးနောက် ကစားပုံကောင်းမွန် လာခဲ့ပြီး ဆက်တိုက်ဖိအားပေးခဲ့သော်လည်း ဂိုးထပ်မံရရှိခြင်းမရှိဘဲ ပထမပိုင်းတွင် ၂-၁ ဂိုးရလဒ်ဖြင့်ပြီးဆုံးခဲ့သည်။


ဒုတိယပိုင်းပြန်လည်စတင်သည်နှင့် မြန်မာအသင်း တိုက်စစ်ကို အရှိန်မြှင့်ကစားခဲ့ပြီး ပွဲချိန် ၄၈မိနစ်တွင် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက မြန်မာအသင်းအတွက် ဒုတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့သည်။ ဆက်တိုက်ဆိုသလို နောက်ခံလူ ဖြူဖြူဝင်းမှလည်း မြန်မာအသင်းအတွက် အဖိုးတန် ဦးဆောင်ဂိုးကို ပွဲချိန် ၅၂မိနစ်တွင် သွင်းယူပေးခဲ့ပြီး မြန်မာအသင်း ထိုင်းအသင်းကို ၂ဂိုးရှုံးနိမ့်နေရာမှ ၃-၂ ဂိုးဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။ အနိုင်ဂိုးရရှိပြီးနောက်မြန်မာအသင်း ပွဲကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပြီး သာမန်ပွဲကစားချိန် ၉၀အပြီး နာကျင်အချိန်ပို ၂မိနစ်တွင် မြန်မာအသင်းအတွက် အနိုင်သေချာစေမည့် သွင်းဂိုးကို လူစားဝင်ကစားသမား မြတ်နိုးခင်က သွင်းယူခဲ့ပြီး မြန်မာအသင်း က ထိုင်းအသင်းကို ၄-၂ဂိုးဖြင့်အနိုင်ရရှိပြီး ဗိုလ်လုပွဲစဉ်သို့ တက်ရောက်သွားခဲ့သည်။


ဒီနေ့ယှဉ်ပြိုင်ခဲ့တယ့် ထိုင်းအသင်းက တကယ်ကိုအသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ သူတို့ရဲ့ ကောင်းမွန်တယ့် ကစားဟန်ကြောင့် ဒီနေ့ပွဲစဉ်က တကယ်ကို စိတ်ကျေနပ်စရာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီနေ့ နိုင်ပွဲရအောင် ကြိုးစားခဲ့တယ့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က တကယ်ကို အံ့မခန်းပါ။ ကျွန်တော့်အနေနဲ့ အသင်းကိုကိုင်တွယ်တာဟာ အရမ်းကိုတိုတောင်းလွန်းတာဖြစ်လို့ ဒီနေ့နိုင်ပွဲက ကစားသမားတွေရယူသွားတယ့်နိုင်ပွဲဖြစ်ပါတယ်။ ဒီအသင်းကိုကိုင်တွယ်ကတည်းက အမြဲတမ်း ထောက်ပံ့ပေးနေတယ့် နည်းပြ အုပ်ချုပ်မှုအဖွဲ့အားလုံးရဲ့ ပံ့ပိုးမှုကလည် တကယ်အရေးပါခဲ့ပါတယ်။ ဒီကစားသမားတွေက သူတို့လုပ်ချင်တာ ဘာမဆိုရအောင်လုပ်နိုင်တယ့် ကစားသမားတွေဆိုတာ ဒီနေ့တွေ့ခဲ့ရပါပြီ။ အားလုံးလည်း ကျွန်တော်တို့အသင်းက ဘယ်လိုအသင်းလည်းဆိုတာ အမြဲအမှတ်ရနေမယ်လို့ ယုံကြည်ပါတယ်။ ဗီယက်နမ်နဲ့ပွဲစဉ်အတွက်တော့ အကောင်းဆုံးပြင်ဆင်သွားပါမယ်။ ပထမအရေးကြီးဆုံးအလုပ်က ကစားသမားတွေ ကောင်းမွန်စွာအနားရဖို့နဲ့ ဒဏ်ရာတွေသက်သာအောင် လုပ်ရမှာဖြစ်ပါတယ်။ အသင်းရဲ့နောက်ကွယ်မှာ အားပေးနေတယ့် ပရိသတ်တွေလည်း ပျော်ရွင်နေမယ်ဆိုတာ ယုံကြည်ပါတယ်။ ဟု ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် Uki Tetsuro ကပြောကြားခဲ့သည်။


ကျွန်တော်တို့ ပထမပိုင်းကစားပုံက ဆိုးရွားခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာတော့ ကျွန်တော်တို့ စိတ်ပျက်နေတာမျိုးမရှိဘဲ ဒီပွဲကို ငါတို့နိုင်အောင် ချမယ်ဆိုတယ့်စိတ်နဲ့ အတူတူ ကြိုးစားခဲ့ကြလို့ ဒီနေ့နိုင်ပွဲကို ရတာပါ။ ပထမပိုင်းအပြီးမှာ နည်းပြတွေအနေနဲ့ ကစားသမားတွေကို ယုံကြည်ပေးပြီး ယုံကြည်မှုပိုရှိလာအောင်လုပ်ပေးလို့လည်း တကယ်ကိုကျေးဇူးတင်ပါတယ်။ အဓိကကတော့ လာရောက်အားပေးတယ့်ပရိသတ်တွေနဲ့ မြန်မာနိုင်ငံမှာ အားပေးနေကြတယ့်ပရိသတ်တွေပါ။ ဒီအားတွေနဲ့ပဲ ကျွန်တော်တို့ အကောင်းဆုံးဆက်ကြိုးစားနေရတာပါ။ ဗိုလ်လုပွဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ခင်မာလာထွန်းကပြောကြားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment