နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင်အား နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ခမ်းခမ်းနားနားကျင်းပသွားမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင်အား နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ခမ်းခမ်းနားနားကျင်းပသွားမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ မေ ၂၇

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမ အဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမတွင်ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသနှင့် မန္တလေးတိုင်းဒေသကြီး ဩဝါဒါစရိယ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ပါဠိနယူပဒေသ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တာ ဘိဝံသအမှူးပြု၍ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။


ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ဩဝါဒါစရိယမစိုးရိမ်ကျောင်းတိုက် ပါဠိနယူပဒေသကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တာဘိဝံသထံမှ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ ဩဝါဒကထာများ နာယူကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာ တော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို နာယကဆရာတော်ကြီးများ၏ ဩဝါဒများခံယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်များ နှင့်အညီ နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ခမ်းခမ်းနားနား ကျင်းပပူဇော်သွားရန် ကြိုတင်ပြင်ဆင်စီစဉ် ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူသည့် နေ့မှစ၍ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးသည့်အချိန်နှင့် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်အရိုးပြာအိုးအား ဧရာဝတီမြစ်အတွင်းသို့ ရေမျှောပူဇော်ရာတွင် နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီနှင့် လုပ်ငန်းကော်မတီအလိုက် ဖွဲ့စည်းထားမှုအခြေအနေများ၊ လုပ်ငန်းများဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ညွှန်ကြားဆောင်ရွက်နိုင်ရန် ဖတ်ကြားတင်ပြလျှောက်ထားကြပြီး ကြွရောက်လာသော ဆရာတော်သံဃာတော်များနှင့် တာဝန်ရှိသူများက အထွေထွေဆွေးနွေးခဲ့ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် ကျင်းပသွားမည့် အခမ်းအနားနှင့်ပတ်သက်၍ ဆရာ တော်ကြီးများထံမှ ဩဝါဒများခံယူကြပြီး အနိစ္စာဝတသင်္ခါရာစသော သံဝေဂဉာဏ်များကို ရွတ်ဆိုပွားများကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းပြီး ဆရာတော်ကြီးများအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)