အာဆီယံသည် အမြဲတမ်း Driving Role မှရပ်တည်၍ ပြင်ပစွက်ဖက်မှုများကင်းရှင်းစွာဖြင့် လမ်းကြောင်းမှန်ကို ရှေးရှု အကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း (၁၇)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးမိုးအောင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံသည် အမြဲတမ်း Driving Role မှရပ်တည်၍ ပြင်ပစွက်ဖက်မှုများကင်းရှင်းစွာဖြင့် လမ်းကြောင်းမှန်ကို ရှေးရှု အကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း (၁၇)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးမိုးအောင် ပြောကြား



MNP ၊ မေ ၁၀

ယနေ့နံနက်ပိုင်းတွင် ဖိလစ်ပိုင်ရေတပ်က လက်ခံကျင်းပပြုလုပ်ခဲ့ သည့် (၁၇)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (17th ASEAN Navy Chiefs’ Meeting - 17th ANCM) သို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Video Conferece ဖြင့် တက်ရောက်ခဲ့သည်။ 

အစည်းအဝေးသို့ အာဆီယံနိုင်ငံရေတပ်များမှ ရေတပ်ဦးစီးချုပ်များ၊ လာအိုနိုင်ငံမှ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အစည်းအဝေး၏ သဘာပတိဖြစ်သူ ဖိလစ်ပိုင်နိုင်ငံ ရေတပ်ဦးစီး ချုပ် Vice Admiral TORIBIO D ADACI JR PN က (၁၇)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပေးပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ယခင်နှစ် (၁၆)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးမှတ်တမ်းအား အတည်ပြုကြသည်။ ဆက်လက်၍ ANCM အမြဲတမ်းပူးတွဲအတွင်းဝန်က ဒေသတွင်းပင်လယ် ရေကြောင်းလုံခြုံရေးအခြေအနေများအား အကျဉ်းချုပ် တင်ပြဆွေး‌နွေးသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော အာဆီယံ ရေတပ် ဦးစီးချုပ်များက Synergy at Sea: Regional Cohesion for Peace and Stability (ပင်လယ်ပြင်တွင် စုပေါင်းညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဒေသတွင်းစည်းလုံးမှု) ခေါင်းစဉ်အား နိုင်ငံအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က အာဆီယံဒေသသည် ရေကြောင်း ကုန်သွယ်မှုအတွက် အချက်အချာ မဟာဗျူဟာဒေသဖြစ်သဖြင့် အခွင့်အလမ်းနှင့်အတူ စိန်ခေါ်မှုများပါ ဒွန်တွဲလျက် ရှိကြောင်း၊ ASEAN Centrality သည် များစွာအရေးပါပြီး အာဆီယံရေတပ်များ၏ မတူညီသော အားသာချက်များအား စုစည်း၍ ထိရောက်စွာအသုံးပြုရန် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို ယုံကြည်မှုတည်ဆောက်ကာ စိန်ခေါ်မှုများကို ကျော်လွှားသွားရမည်ဖြစ်ကြောင်း၊ အာဆီယံသည် အမြဲတမ်း Driving Role မှရပ်တည်၍ ပြင်ပစွက်ဖက်မှုများကင်းရှင်းစွာဖြင့် လမ်းကြောင်းမှန်ကို ရှေးရှု အကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပင်လယ်ရေကြောင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို မြှင့်တင်သွားရမည်ဖြစ် ကြောင်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ၂၀၂၂ ခုနှစ်အတွင်း ဘရူနိုင်းရေတပ်က အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည့် 9th ASEAN Navy Young Officers’ Interaction (ANYOI)၊   ထိုင်းရေတပ်က အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည့် 18th ASEAN Defence Ministers Meeting (ADMM) Plus Experts Working Group on Maritime Security and Tabletop Exercises 2023 ၊ အင်ဒိုနီးရှားရေတပ်က အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည့် ASEAN Cadet Seminar ၊ AESAN Cadet Sail and 10th ANYOI 2023 များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး အင်ဒိုနီးရှားရေတပ်မှ အာဆီယံရေတပ်များ၏ လမ်းပြ မြေပုံ (၂၀၂၄-၂၀၃၂)၊ ဖိလစ်ပိုင်ရေတပ်မှ Alternate Conduct of ASEAN Multilateral Naval Exercises (AMNEX) နှင့် ANCM Guidelines for Maritime Interaction (GMI) Workshop and Draft တို့အား ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် ၂၀၂၃ ခုနှစ်အတွင်း ဆက်လက်ပြုလုပ်သွား မည့် ရေတပ်ဆိုင်ရာ ပူးပေါင်းလေ့ကျင့်ခန်း အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၈)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး (18th ASEAN Navy Chiefs’ Meeting- 18th ANCM) အတွက် လျာထားအချိန်ဇယားအား ဆွေးနွေးခြင်းနှင့် မှတ်တမ်းဗီဒီယို ပြသဖိတ်ကြားခြင်းများကို ဆောင်ရွက်ခဲ့သည်။

၎င်းနောက် သဘာပတိ ဖိလစ်ပိုင်ရေတပ်ဦးစီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။     


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)