PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် နှင့် လက်နက်/ခဲယမ်း ပါရှိလာသူများကို ဆုကြေးငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် နှင့် လက်နက်/ခဲယမ်း ပါရှိလာသူများကို ဆုကြေးငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်


MNP ၊ မေ  ၉

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် နှင့် လက်နက်/ခဲယမ်း ပါရှိလာသူများကို ဆုကြေးငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ယနေ့ ၉-၅-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏ တာဝန်များကို  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွှဲပြောင်းတာဝန် ထမ်းဆောင် လျက်ရှိပြီး နိုင်ငံတော်ကို စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂) ရပ်တို့ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် ပြည်သူလူထုအား နိုင်ငံရေးဝါဒမှိုင်းတိုက်ပြီး နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည် ဆောင်ရွက်လိုသူများက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) နှင့် NUG ၏ လက်ဝေခံဖြစ်သည့် ပြည်သူ့ကာကွယ်ရေး အဖွဲ့(PDF) အမည်ခံအကြမ်းဖက် အဖွဲ့အစည်းများကို ဥပဒေမဲ့ တရားမဝင် ဖွဲ့စည်း၍ လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသဖြင့် နိုင်ငံတော်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့သည်။


အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများက အပြစ်မဲ့ပြည်သူများကို အကြောက်တရားဖြင့် ဝါဒမှိုင်းတိုက်၍ ဆွဲဆောင်စည်းရုံးကာ အကြမ်းဖက် အဖွဲ့အစည်းများသို့ ဝင်ရောက်စေခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများသို့ စေလွှတ်၍ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်စေခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်စေခြင်း တို့ကို လုပ်ဆောင်စေခဲ့ပြီး လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများကို လုပ်ဆောင်စေခဲ့ပါသည်။ ၎င်းတို့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ အမြောက်အများ အသက်ဆုံးရှုံး ခဲ့ကြရပါသည်။ အကြမ်းဖက် လုပ်ရပ်များကြောင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဟန့်အတားများ ဖြစ်ပေါ်စေခဲ့သည်။


ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည့်အတွက် ပြည်သူများ၏ စုပေါင်းအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်မှသာ လိုရာပန်းတိုင်ကို အချိန်တိုအတွင်း ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အား အလုံးစုံ ပျက်သုဉ်းစေလိုသူများ၏ ဝါဒမှိုင်းအောက်မှ ရုန်းထွက်ကာ နိုင်ငံတော် တည်ဆောက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည့် အချိန်အခါဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်း ရောက်ရှိနေသူများ၊ ဥပဒေပြင်ပရှိ အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများ အနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်အပ်ပါသည်။ ပြန်လည်ဝင်ရောက် လာသူများအနေဖြင့် လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ပါးအပေါ် ထိခိုက်နစ်နာစေမှု စသည့် ပြစ်မှုတစ်ခုခု ကျူးလွန်ထားသူဖြစ်ပါက ဥပဒေအရ တရားရုံးတွင် အမှုရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပြစ်မှုအတိုင်းအတာအပေါ် မူတည်၍ ဥပဒေကြောင်းအရ လိုအပ်သည့် ဖြေလျှော့မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။


ယင်းသို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာပါက  လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်နက်/ခဲယမ်း ပါရှိလာသူများကို 

(က)    ရိုင်ဖယ်အုပ်စုဝင်သေနတ် (၁) လက်ပါရှိပါက ကျပ် (၅၀) သိန်း၊

( ခ)     ပစ္စတိုအုပ်စုဝင်သေနတ်(၁)လက်ပါရှိပါက ကျပ် (၂၀) သိန်း၊

( ဂ)     ပြောင်းချောသေနတ်(၁)လက်ပါရှိပါက ကျပ် (၃၀) သိန်း၊

(ဃ)    စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီကဲ့သို့သော လက်နက်များ(၁)လက်ပါရှိပါက ကျပ် (၇၅)သိန်း၊

( င)     လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် (၁) လက် ပါရှိပါက ကျပ်(၅)သိန်း၊

( စ)     လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများပါရှိပါက ကျပ်(၃)သိန်း၊

(ဆ)    လက်နက်/ခဲယမ်းမှအပ အခြားအသုံးအဆောင်ပစ္စည်းများ (ဥပမာ- စကားပြောစက်) ပါရှိပါက ကျပ်(၂)သိန်း။

(ဇ)      ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော Drone (၁) စင်းပါရှိပါက ကျပ်(၅၀)သိန်း

ဆုကြေးငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပို့၍ ဝင်ရောက်နိုင်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ က ဖိတ်ခေါ်ထားသည်။



#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)