MNP ၊ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ဝင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ SKY NET မီဒီယာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီး၏ Promo အား ပြသခဲ့ပြီး SKY NET မီဒီယာမှ တာဝန်ရှိသူနှင့် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ကြီး ကျင်းပရခြင်းနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော သတင်း မီဒီယာများက မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးနှင့် ပတ်သက်၍ သိရှိလိုသည်များကို အသီးသီးမေးမြန်းခဲ့ကြရာ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဝိတ်တန်း(၄)ခုမှ အားကစားသမားများ၏ အမည်များကို မဲနှိုက်ရွေးချယ်ခဲ့ကြသည်။
မြန်မာ့ရိုးရာလက်ဝှေ့အားကစားသည် မြန်မာတို့၏ အမျိုးသားရေးကိုယ်ခံပညာ လက္ခဏာတစ်ရပ်ဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ယနေ့ထက်တိုင် တည်ရှိနေသည့် ကိုယ်ခံပညာရပ်တစ်ခုဖြစ်သည်။ မြန်မာ့ရိုးရာ လက်ဝှေ့အားကစားသည် ပြည်တွင်းအားကစားလောကတွင် ပရိသတ်အကြိုက်များပြီး မြန်မာ့(၁၂)လရာသီပွဲတော်တိုင်း တွင်လည်း ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ထည့်သွင်းကျင်ပကြသည်။ ကမ္ဘာပေါ်ရှိ ကိုယ်ခံပညာ တိုက်ခိုက်ရေးပြိုင်ပွဲများတွင် မြန်မာ့ရိုးရာလက်ဝှေ့အားကစားသည်လည်း အသိအမှတ်ပြုခံထားရသည့် ကိုယ်ခံပညာတစ်ရပ်ဖြစ်သည်။
လက်ရှိ မြန်မာပြည်တွင် အကြိုက်ဆုံး၊ အအောင်မြင်ဆုံး အားကစားနည်းကို ပြည်တွင်းမှသည် ပြည်ပနိုင်ငံများအထိ ထိုးဖောက် ဝင်ရောက်နိုင်စေရန်အတွက် SKY NET ရုပ်သံလိုင်းမှ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်၍ မြန်မာ့ရိုးရာလက်ဝှေ့အားကစားကို နိုင်ငံတကာအဆင့်အထိ ထိုးဖောက်နိုင်စေရန် SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို စီစဉ်ကျင်းပရခြင်းဖြစ်သည်။
SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို ၂၀၂၂-ခုနှစ် ဇွန်လတွင် ပထမဦးဆုံးအကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ရွှေအောင်လံဆုရှင်(၄)ဦး ပေါ်ထွက်ခဲ့ရာ အဆိုပါ အားကစားသမားများသည် မြန်မာ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။
ယခုနှစ် ပြိုင်ပွဲသည် ဒုတိယအကြိမ်မြောက် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲတွင် ၅၇ ကီလိုတန်း၊ ၆၀ ကီလိုတန်း၊ ၆၃.၅ ကီလိုတန်းနှင့် ၆၇ ကီလိုတန်း စသည်ဖြင့် ၀ိတ်တန်း(၄)ခုသတ်မှတ်ပြီး ၂၀၂၃-ခုနှစ် ဇွန်လ(၃)ရက်နေ့မှ စတင်ကာ (၄)ရက်ကြာ ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ပြိုင်ပွဲများကို SKY NET ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment