တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှကြေညာထားသည့် Action Labour Right အမည်ခံအဖွဲ့နှင့် ပူးပေါင်း၍ ဆူပူဆန္ဒပြမှုများဖြစ်ပွားစေရန် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှကြေညာထားသည့် Action Labour Right အမည်ခံအဖွဲ့နှင့် ပူးပေါင်း၍ ဆူပူဆန္ဒပြမှုများဖြစ်ပွားစေရန် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများအား ဖမ်းဆီးရမိ


MNP ၊ ဇွန်  ၂၈

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်သမားများ စုဝေးဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်စေရန်အတွက် တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှကြေညာထားသည့် Action Labour Right အမည်ခံအဖွဲ့မှ သူရိန်အောင် ခေါင်းဆောင်၍ သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ သွေးထိုးလှုံ့ဆော်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု၏ သတင်းပေးပို့မှုကြောင့်  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှ ၁၇ ရက်ထိ Action Labour Right အမည်ခံအဖွဲ့မှ သန္တာစိုးလင်းနှင့် ဖြိုးမြတ်မြတ်သင်းအား လည်းကောင်း၊ Action Labour Right အမည်ခံအဖွဲ့အား အားပေးကူညီသူ ဟိန်းမင်းဇော်အား လည်းကောင်း၊ Action Labour Right အမည်ခံအဖွဲ့နှင့် ပူးပေါင်း၍ စက်ရုံများတွင် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် ဆောင်ရွက်လျက်ရှိသည့် ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံမှ အောင်အောင်၊ သူသူစံ၊ သန္တာအေး၊ အေးသန္တာဌေး၊ မေသူမင်းတို့အား လည်းကောင်း၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ သီတာဝင်းနှင့် ကိုထက်(ခ) လှိုင်ဝင်းထက်တို့အား လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပါသည်။


ဖမ်းဆီးရမိတရားခံများအား စစ်ဆေးဖော်ထုတ်ချက်အရ Action Labour Right အမည်ခံအဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံသူဇာ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ ၁၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ ကောင်း(၁)ထမင်းဆိုင်အပေါ်ထပ်၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား ၂၀ ဦးခန့်အား စည်းရုံးသိမ်းသွင်းကာ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း၊ ထိုသို့ သွေးထိုးလှုံ့ဆော်မှုကြောင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံမှ အလုပ်သမား အချို့သည် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမပြုဘဲ စက်ရုံရှေ့တွင် စုဝေး၍လည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ Sun Apparel Myanmar အထည်ချုပ် စက်ရုံမှ အလုပ်သမားအချို့သည် လုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်ခြင်းမရှိဘဲ စက်ရုံအတွင်း၌ စုဝေး၍လည်းကောင်း အသီးသီးဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။


သို့ဖြစ်၍ စက်ရုံ၊ အလုပ်ရုံများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရေး နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ရာတွင်ပါဝင်ခဲ့သည့် Action Labour Right အမည်ခံအဖွဲ့၊ ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံနှင့် Sun Apparel Myanmar အထည်ချုပ် စက်ရုံတို့မှ တရားခံ ၁၀ ဦးအား တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင် လျက်ရှိသည့် Action Labour Right အမည်ခံ အဖွဲ့မှ သူရိန်အောင်၊ သူဇာနှင့် ဆက်စပ်တရားခံများ၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)