အဋ္ဌမအကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်အကြား အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဋ္ဌမအကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်အကြား အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP ၊ ဇွန် ၁၆

မြန်မာ့တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်တို့အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်ရည်ရွယ်ပြီး အဋ္ဌမအကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်အကြား အလုပ်ရုံ ဆွေးနွေးပွဲ (8th MAF-RTAF Air Working Group Meeting) အား ဇွန် ၁၂ ရက်မှ ယနေ့အထိ နေပြည်တော်ရှိ Aureum Palace Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းဘုရင့်လေတပ်မှ Air Marshal Kidkuan Sadub ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ တပ်မတော်(လေ)မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။ ယင်းနောက် ညနေပိုင်းတွင် နှစ်နိုင်ငံလေတပ်များမှ အစည်းအဝေး ကျင်းပရေး အတွင်းရေးမှူး အဖွဲ့များအကြား အကြိုညှိနှိုင်းအစည်းဝေးကို နေပြည်တော်ရှိ Aureum Palace Hotel အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ဇွန် ၁၃ ရက်တွင် အလုပ်ရုံဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ရာ နှစ်နိုင်ငံ လေတပ်အစည်းအဝေး သဘာပတိများဖြစ်ကြသည့် မြန်မာ့တပ်မတော်(လေ)မှ စစ်ဦးစီး အရာရှိချုပ်(လေ)နှင့် ထိုင်းဘုရင့်လေတပ်မှ Air Marshal Kidkuan Sadub တို့သည် အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။  ယင်းနောက် အစည်အဝေး ဆုံးဖြတ်ချက်များအား အတည်ပြု လက်မှတ်ရေးထိုးကြကာ နှစ်နိုင်ငံလေတပ်မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက အထိမ်းအမှတ်လက်ဆောင်များ အပြန်အလှန် လဲလှယ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် ညနေပိုင်းတွင် မြန်မာ့တပ်မတော်(လေ)က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး တေးသီချင်းများ ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့ပြင် ဇွန် ၁၄ ရက်တွင် ထိုင်းဘုရင့် လေတပ်ကိုယ်စားလှယ်အဖွဲ့သည်  နေပြည်တော်ကောင်စီနယ်မြေရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိ စေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဆင်ဖြူတော်များအား ကြည့်ရှု လေ့လာခဲ့ကြသည်။

ထို့နောက် ထိုင်းဘုရင့်လေတပ်ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်မြတ်ကြီး၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရားနှင့် ဆူးလေ စေတီတော်တို့သို့ သွားရောက် ဖူးမြော်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လှည့်လည်ကြည့်ရှုကြသည်။ ညပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံရုံးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တပ်မတော်(လေ)မှ တာဝန်ရှိ သူများနှင့်အတူ တက် ရောက်ခဲ့ကြသည်။ ယနေ့တွင် အဆိုပါ ထိုင်းဘုရင့်လေတပ် ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပလေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(လေ)မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)