တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆုများ ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆုများ ချီးမြှင့်


MNP ၊ ဇွန် ၁၀

၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း အားကစား လှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆုများနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓာတ်ပုံ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။


ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက အားကစားအောင်မြင်မှု မြင့်မားရေးအတွက် နိုင်ငံတော်၏ နေ့ကြီးနေ့ရက် များဖြစ်သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊  တောင်သူလယ်သမားနေ့၊ တပ်မတော်နေ့၊ အလုပ်သမားနေ့ စသည့်နေ့များတွင် လူထုအားကစားလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားကစားဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပပေးခြင်း ဖြင့် အရည်အချင်းပြည့်ဝသည့် အားကစားသမားများပေါ်ထွက်လာပြီး နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင်လည်း အားကစားလေ့ကျင့် ချိန် (P.T)ချိန်သတ်မှတ်ပြီး ကြိုက်နှစ်သက်ရာ အားကစားနည်းတစ်ခုခုကို လေ့လာလိုက်စားနိုင်ခြင်း၊ စာသင်ကျောင်းများတွင်လည်း အားကစားနည်းအလိုက် ပြိုင်ပွဲများကျင်းပပေးပြီး ကျောင်းလက်ရွေး စင်များရွေးချယ်ခြင်း၊ အခြေခံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ တက္ကသိုလ်/ ကောလိပ်များတွင် မေဂျာအလိုက် အားကစားပြိုင်ပွဲများကျင်းပပြီး လက်ရွေးစင်ရွေးချယ်ကာ ကျောင်းသား အားကစားပွဲတော်များမှတစ်ဆင့် တက္ကသိုလ်/ကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲများ အထိ ကျင်းပပေးခဲ့သည့်အတွက် မျိုးဆက်သစ်များ ပေါ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း။


အလားတူ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှု များ ဆောင်ရွက်နိုင်ရေး၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်း ရာသီ အားကစားအခြေခံသင်တန်းများကို အင်ပြည့် အားပြည့် ဖွင့်လှစ်နိုင်ရေး၊ Physical Fitness Dance စုပေါင်းလှုပ်ရှားမှုများယှဉ်ပြိုင်နိုင်ရေး၊ ဟောပြောပွဲများနှင့် သရုပ်ပြပွဲများ လက်ကမ်းစာစောင်များဖြန့်ဝေနိုင်ရေး၊ အားကစားသိပ္ပံကျောင်းများသို့ အရည်အချင်းမီသည့် သင်တန်းသား သင်တန်းသူ များပေးပို့နိုင်ရေး၊ Youth Camp နှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသို့ လူငယ် လက်ရွေးစင်များ ရွေးချယ်ပေးပို့နိုင်ရေး စသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများကို ဦးစီးဌာနမှ စောင့်ကြည့်မှတ်တမ်းတင်ထားရှိပြီး မိမိ တို့တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အားကစား လှုပ်ရှားမှုအများဆုံး ကြိုးပမ်းအကောင်ထည်ဖော် ဆောင်ရွက်နေသည့် ခရိုင်၊ မြို့နယ်များကိုလည်း လေးလတစ်ကြိမ် စိစစ်ဖော်ထုတ်ပြီး အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့် ပေးစေလိုကြောင်း၊ မြန်မာအားကစား တိုးတက်မြင့်မားစေရေးအတွက် လမ်းညွှန်ချက်များအတိုင်း တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များကိုစိစစ်ပြီး ယခုလိုဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်ကြောင်း။


တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများ အောင်မြင်မှုရရှိစေရေး၊ ထူးချွန်ထက်မြက်သည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာ စေရေးအတွက် အားကစားလှုပ်ရှား ဆောင်ရွက်မှုများကို တာဝန်သိစိတ်ဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန် ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်လာစေရန် လူအား၊ ကလောင်စွမ်းအားဖြင့် ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာဆုများ ရွေးချယ်ခဲ့ခြင်း၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ် အားကစားသမား များ စဉ်ဆက်မပြတ်ပေါ်ထွက်စေရေးအတွက် လူထုအားကစားကဏ္ဍ အရေးပါပုံများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲ တွင် ဆုရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့ကလည်းကောင်း၊ ဝတ္ထုတိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း တို့ကလည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို မန္တလေးတိုင်း ဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးထွန်းခင်တို့ကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက လည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်ပြီး ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆု (မြို့နယ်အဆင့်) အထူးဆုရရှိခဲ့ကြသည့် မြို့နယ်များ ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း၊ မြို့နယ် အဆင့် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသည့် မြို့နယ်များကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ အားကစား မီဒီယာ များအဖွဲ့ချုပ်နှင့် ၂၀၂၂ ခုနှစ် မလေးရှားနိုင်ငံ မလက္ကာမြို့တွင် ကျင်းပခဲ့သည့် အလွတ်တန်းစကိတ်အမြန်စီး ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုစီ ရရှိခဲ့ကြသည့် အားကစားသမားနှစ်ဦးတို့အား ဂုဏ်ပြုဆုဖလား (Trophy) များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဆုများပေးအပ်


ချီးမြှင့်ခဲ့ပြီး ဆုရရှိကြသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)