ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


MNP ၊ ဇွန် ၆

နိုင်ငံတော်အစိုးရသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းတို့သည် ဇွန် ၄ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်နှင့် မအူပင်မြို့နယ်အတွင်းရှိ ဝါဝါဝင်း စိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ သွားရောက်ပြီး သားငါးထုတ်လုပ်တင်ပို့ရောင်းချမှု အခြေအနေများကို ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့အား ဝါဝါဝင်း စိုက်ပျိုးမွေးမြူရေးကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးရွှေကြိုင်က ငါးမြစ်ချင်း ငါးမျိုးများ သားဖောက်မွေးမြူနေမှုနှင့် ငါးကန်များ ပြုပြင်ဆောင်ရွက်နေမှု၊ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နေမှု ၊ Delta Queen (Probio-tic) ပိုးရည်နှင့် အီးအမ်ထုတ်လုပ်နေမှု၊ သဘာဝမြေသြဇာ ထုတ်လုပ်နေမှု၊ ငါးငံပြာရည်ထုတ်လုပ်နေမှု၊ Delta King ငါးဆီနှင့် ငါးဆီပေါင်းခြောက် ထုတ်လုပ်နေမှုနှင့် ပြည်ပသို့ ငါးများတင်ပို့ရောင်းချနေမှုကို လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် တိုင်းပြည်သာယာရေးနှင့် စားရေရိက္ခာဖူလုံစေရေးလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်ပေးထားပြီး လုပ်ငန်းများ အောင်မြင်စေရေးအတွက် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် နိုင်ငံ တော်ဝန်ကြီးချုပ်က လမ်းညွှန်ထားပါကြောင်း၊ မိမိတို့ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်၏ဦးတည်ချက် (၁၂) ရပ် အောင်မြင်စေရေးအတွက် မီဒီယာနည်းလမ်းများဖြင့် ပံ့ပိုးဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု ခံယူထားပါကြောင်း၊ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းများဖြစ်သဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက် မီဒီယာနည်းလမ်းများ ဖြင့် ကူညီပံ့ပိုးပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ သားငါးထုတ်လုပ်တင်ပို့ရောင်းချနေမှု နှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားသည်။

ဝါဝါဝင်း စိုက်ပျိုးမွေးမြူရေးကုမ္ပဏီသည် မအူပင်မြို့နယ် သောင်ဇားကျေးရွာအုပ်စု၊ ထနီးကျေးရွာအုပ်စုနှင့် ညောင်တုန်းမြို့နယ် ကျွန်းဦးကျေးရွာအုပ်စုတို့တွင်တည်ရှိပြီး ၁၉၉၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ရေနက်ကွင်းရတနာမြေဖော်ထုတ်ရေး စီမံကိန်းအဖြစ် စတင်လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။ နွေစပါးဧက ၁၀၀ ခန့် နှစ်စဉ် စိုက်ပျိုးလျက်ရှိပြီး ငါးမွေးမြူရေး လုပ်ငန်းအဖြစ် ဧက ၇၀၀၀ ကျော် လုပ်ကိုင်လျက်ရှိကာ အရည်အသွေးမီ ရောဂါကင်းစင်သည့် ငါးမြစ်ချင်း ငါးသား ပေါက်များကို နှစ်စဉ်ငါးမှုန်ခွက် ၁၀၀၀၀ ခန့်ထုတ်လုပ်ပြီး မျိုးငါး သိန်း ၁၅၀ ခန့် ထည့်သွင်းမွေးမြူလျက်ရှိသည်။

ထို့ပြင် နိုင်ငံခြားနွားမျိုးကောင်းများဖြစ်သည့် Holstein Friesian (ဖရီရှန်)၊ Brahman (ဘရာမင်) စသည့် နွားကောင်ရေ ၄၃၈ ကောင် မွေးမြူထားပြီးနေ့စဉ် နွားနို့ပိဿာချိန် ၇၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)