(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး


MNP ၊ ဇွန် ၂၃

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကျင်းပရေးဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ လုံခြုံရေး ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးကိုကိုက(၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယခင်နှစ်များအတိုင်း အခမ်းအနား (၄) ရပ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အာဇာနည်ဗိမာန်တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချအလေးပြုအခမ်းအနား၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)တွင် နိုင်ငံတော်အလံတိုင် တစ်ဝက် လွှင့်ထူခြင်းအခမ်းအနား၊ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကျင်းပပြုလုပ်မည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းသည့်အခမ်းအနားနှင့် အများပြည်သူများ ကြည့်ရှုလေ့လာရန် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၊ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး)ရှိ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမနှင့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်း နေအိမ်ပြတိုက်တို့ကို ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း။


အာဇာနည် ဗိမာန်တွင် ဆောင်ရွက်မည့် အာဇာနည်ခေါင်း ဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနားနှင့် စပ်လျဉ်း၍ နိုင်ငံတော်အခမ်း အနားဖြစ်သည့်အတွက် သက်ဆိုင်ရာဆပ်ကော်မတီများက ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိရန်နှင့် ယခုကျင်းပမည့် အခမ်းအနားတွင် အားနည်းချက် မရှိစေရေးအားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် ပြောကြားသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး လုံခြုံရေးကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီများ ဖိတ်ကြားမှုများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ သက်ဆိုင်ရာ ဆပ်ကော်မတီများမှ တက်ရောက်လာသူများက(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပ နိုင်ရေးနှင့်ပတ်သက်၍တင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး ဆပ်ကော်မတီအလိုက် ပေးအပ်ထားသော တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးကို အထူးဂရုပြုပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။          


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူ မေ ၂၅ ရက်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားသို့ ကြွရောက်တော်မူခဲ့ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဟံသာသီရိကုန်း စိန်ရတုကျောင်းဆောင်၌ ခေတ္တသီတင်းသုံးတော်မူလျက်ရှိသော အိန္ဒိယနိုင်ငံ ယူဗီပြည်နယ် ဥတ္တရခရိုင်ကုသိနာရုံမြို့ ကုသိနာရုံ မြန်မာကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထား၍ ဆရာတော်ကြီး ထံမှ ဩဝါဒခံယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)