ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် တတိယဆုရ ပြည်နယ်လက်ရွေးစင်အသင်းအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် တတိယဆုရ ပြည်နယ်လက်ရွေးစင်အသင်းအား ဂုဏ်ပြုချီးမြှင့်

 



MNP ၊    ဇွန်   ၃၀

၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ကချင်ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ယမန်နေ့နံနက် ၁၁ နာရီက မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူတို့က ပန်းပွားအကအဖွဲ့များနှင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။


ထို့နောက် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ တတိယဆုရ ပြည်နယ်လက်ရွေးစင် အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် တတိယဆုကို ဆွတ်ခူးပြီး ပြည်နယ်ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် တတိယမှ ဒုတိယ၊ ပထမအဆင့်ထိ ရရှိအောင် ရပ်တန့်မနေဘဲ စဉ်ဆက်မပြတ်လေ့ကျင့်၍ ကြိုးစား ကြရမည်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားကာ လက်ရွေးစင်ဘောလုံးအသင်းအတွက် ဂုဏ်ပြုငွေကျပ် သိန်း ၂၀ နှင့် လက်ရွေးစင်အသင်း အောင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ လက်ရွေးစင်အသင်းနည်းပြချုပ်က ပြိုင်ပွဲအတွေ့အကြုံများကို လည်းကောင်း၊ ဘောလုံးအသင်းကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိ ရသည်။


ကချင်ပြည်နယ်အသက် (၁၈)နှစ်အောက် လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် မန္တလေး တိုင်းဒေသကြီးတွင် ၈.၆.၂၀၂၃ ရက်နေ့မှ ၂၈.၆.၂၀၂၃ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သော ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသကဲ့သို့ အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင်လည်း ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)