စစ်တွေတပ်နယ်နှင့် ရသေ့တောင်တပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်းများအားလိုက်လံကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းအလွန် ကာလ နေရေး၊ စားရေး၊ ကျန်းမာရေး အခြေအနေများကို သိလို၍ လာရောက်ခြင်းဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေတပ်နယ်နှင့် ရသေ့တောင်တပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်းများအားလိုက်လံကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းအလွန် ကာလ နေရေး၊ စားရေး၊ ကျန်းမာရေး အခြေအနေများကို သိလို၍ လာရောက်ခြင်းဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား







MNP ၊ ဇွန်  ၁၆

စစ်တွေမြို့သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များ လိုက်ပါ၍ ယမန်နေ့က စစ်တွေတပ်နယ်နှင့် ရသေ့တောင်တပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်း များအားလိုက်လံကြည့်ရှုစစ်ဆေးပြီး အရာရှိ ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အားပေးစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမများတွင် သီးခြား စီ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် အရာရှိ၊စစ်သည်၊ မိသားစုများအနေဖြင့်  လေတိုက်နှုန်း ၁ နာရီ ၁၂၀ ခန့် တိုက်ခိုက်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခိုင်၍ ကျော်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ မုန်တိုင်းအလွန် ကာလတွင်လည်း နေရေး၊ စားရေး၊ ကျန်းမာရေး အခြေအနေများကို သိလို၍ လာရောက်ခြင်းဖြစ်ကြောင်း၊ ဦးစားပေး အရ အမိုးအကာအောက်ကို မိသားစုအားလုံး လုံလုံခြုံခြုံဖြင့် ရောက်ရှိ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

တပ်မတော်သားများအနေဖြင့် အထက်မှ ပေးအပ်သော တာဝန်ကို (၂၄)နာရီ  တာဝန်ထမ်းဆောင်နေကြသူများဖြစ်၍ မိသားစုအတွက် နောက်ဆံမတင်းဘဲ တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်နိုင်ရန် မိသားစု လုံလုံခြုံခြုံနေထိုင်စားသောက်နိုင်ရန် တာဝန်ရှိသူများက စီမံပေးရန်လို ကြောင်း။

အလားတူ စားသောက်ရေးသည် အရေးကြီးဆုံးဖြစ်ပြီးတပ်မတော်မှ ချမှတ် ပေးထားသော စိုက်ပျိုးမွေးမြူရေးလမ်းညွှန်ချက်များနှင့်အညီ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုနှစ် စိုက်ပျိုးရေးရာသီအတွင်း ပြန်လည် စိုက်ပျိုးနိုင်ရန်အထိ ကြိုးပမ်းသွားရန်နှင့် လိုအပ်သော မျိုးများကိုလည်း တစ်ပါးတည်းပေးအပ်ခဲ့မည်ဖြစ်ကြောင်း။

တစ်နာရီလျှင် မိုင် ၁၂၀ ထိ တိုက်ခိုက်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မုန်တိုင်းဖြစ်သော်လည်း နိုင်ငံတော်အပိုင်းမှ ကြိုတင်ပြင်ဆင်မှု၊ အသိပညာပေးမှုများ ပြုလုပ်ခဲ့ခြင်းနှင့် အားလုံး၏ လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးသာကြုံတွေ့ခဲ့ရကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အားလုံးတက်ကြွစွာဖြင့် လိုက်ပါဆောင်ရွက် သွားရန် လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍  ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက် နိုင်ရေးနှင့် ကျောင်းနေသူအားလုံးသည်လည်း တန်းစဉ်မပြတ်ဘဲ အနည်းဆုံး KG+9 အောင်မြင်သည်အထိ စာသင်ကြားနိုင်ရေး နိုင်ငံတော် ဝန်ကြီးချုပ်က ပညာရေး ဆိုင်ရာ မူဝါဒပေးထားရာ မိမိတို့၏ သားသမီးများကို ပညာတက်များဖြစ် အောင် လေ့ကျင့်ပျိုးထောင်သွားရန်လိုကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟု မူဝါဒချမှတ်ထားရာ လိုအပ်သော ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို  အချိန်မီ ရောက်ရှိရန် ကြိုးပမ်းပေးလျက်ရှိကြောင်း၊ မိသားစုဝင်များ မုန်တိုင်းအလွန်   ဝမ်းပျက်ဝမ်းလျှောကဲ့သို့ နောက်ဆက်တွဲရောဂါများ ကင်းဝေးစေရန် သန့်ရှင်းသော သောက်သုံး ရေမှအစ သုံးရေအထိ သတိပြုသုံးစွဲကြရန် လိုကြောင်း။

တပ်မတော်သားမိသားစုဝင်များအနေဖြင့် ဆက်လက် ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း တတ်တတ်ကြွကြွဖြင့် ဆောင်ရွက် သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များက တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စားသောက်ဖွယ်ရာ များ၊ ထောက်ပံ့ငွေများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များအား ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိ သည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား လိုက်လံကြည့်ရှုအားပေးပြီး  စားသောက် ဖွယ်ရာများ ပေးအပ်ကာ ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၎င်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ဆရာ/ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးကာ တင်ပြချက်များအပေါ် လိုအပ်သည်များ  ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)