မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇) ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သင်တန်းသူ (၉၁) ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၊ ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် မောင်မယ်သစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇) ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သင်တန်းသူ (၉၁) ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၊ ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် မောင်မယ်သစ်






MNP ၊    ဇွန်   ၂၉

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုနှင့် သားဖွား သင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇)ပထမနှစ်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သင်တန်းသူ(၉၁)ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၊ ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် အပတ်စဉ် (၂၈)ပထမနှစ် (ဒုတိယအသုတ်) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သင်တန်း သူ(၆၀)ဦးတို့၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးကြီးသန်းနိုင်ညွန့်၊၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစား အဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုဆိုရင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (မကွေး)အား ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းစတင်ဖွင့်လှစ်သင်ကြားခဲ့ရာမှာ အပါတ်စဉ်(၂၈)သို့ ရောက်ရှိပြီလို့ သိရကြောင်း၊ အပတ်စဉ် (၂၇)ပထမနှစ် သူနာပြု-သားဖွား(၃)နှစ်သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား /သင်တန်းသူ(၈၃)ဦးမှာ သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ သင်ရိုးညွှန်းတမ်း အသစ်ဖြင့် သင်ကြားမှုစနစ်ကို (၂၀၁၈-၂၀၁၉) ပညာသင်နှစ်စ၍ သင်ကြားပေးခဲ့ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရာ၌ ကျန်းမာရေးသည် အရေးကြီးသည့် ကဏ္ဍကပါဝင်ကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြု-သားဖွားများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လူနာများအား အနီးကပ်ပြုစုစောင့်ရှောက်ရသူများ ဖြစ်သည့်အတွက် သူနာပြု-သားဖွားအတတ်ပညာများ ကျွမ်းကျင်သူများဖြစ်ရေး စာတွေ့၊ လက်တွေ့စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန် လိုအပ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ သူနာပြု-သားဖွား သင်တန်းကျောင်း(၅၃)ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီး သူနာပြု-သားဖွား အတတ်ပညာရပ်များ၊ ဆေးပညာရပ်များကို သင်ကြားပေးနိုင်ပြီဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူ တစ်ဦးချင်းစီကို နိုင်ငံတော်မှ လစဉ်ပညာသင် ထောက်ပံ့ကြေး (၃၀၀၀၀/-)ကျပ်ကို သင်တန်းပြီးဆုံးသည်အထိ(၃)နှစ်တာလုံး ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်မှ တစ်ဆင့်လည်း ရှေ့ဆက်ကြိုးစားလို စိတ်ရှိသူများကို သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာ သိပ္ပံဘွဲ့၊ သူနာပြုပါရဂူဘွဲ့ကို ပြည်ပမှာသာမက ပြည်တွင်းမှာပါ တက်ရောက်နိုင်အောင် ဖွင့်လှစ် ပေးထားပြီးဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေစဉ်မှာပင် မိမိတို့ စိတ်ဝင်စားသည့် သူနာပြုစုခြင်း၊ သားဖွားခြင်းနှင့် ဆေးပညာဆိုင်ရာဘာသာရပ်များကို ထူးချွန်ပေါက်မြောက်ကျွမ်းကျင်အောင် ကြိုးစားသင်ယူရန်လိုအပ်ကြောင်း၊ ကျန်းမာရေးပြုစု စောင့်ရှောက်မှုပေးနိုင်သည့် ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ရှားပါးလာခြင်းကို ကျော်လွှားနိုင်ရေး အရည်အသွေးပြည့်မီ ပြည့်စုံကောင်းမွန်သော ပြုစုစောင့်ရှောက်မှု ပေးနိုင်ရန်အတွက်သာမက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများတွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် မွေးထုတ်မှု၊ အသုံးချမှု၊ နေရာချထားမှု၊ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ရန် အရေးကြီးသည့်အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် မိမိဒေသအတွင်း တည်ရှိနေသော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်မွေးထုတ်ပေးနေသည့် သူနာပြုနှင့် သားဖွား သင်တန်းသား/သင်တန်းသူများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူနာများကို ပြုစုစောင့်ရှောက်ပေးရာတွင် နာ(၆)နာကို အရင်းခံပြီး ပြုံးရွှင်ကြည်လင်သော မျက်နှာ၊ ရင်မှလာသောစေတနာ မေတ္တာစိတ်၊ သန့်ရှင်း စင်ကြယ်သော စိတ်ထားကို အရင်းခံ၍ ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် မိမိ၏ စေတနာအတိုင်း တူညီသော အကျိုးကို ပြန်လည်ခံစားရမှာဖြစ်ကြောင်း၊ ပြည်သူကိုဗဟိုပြုသော ကျန်းမာရေး စနစ်ကို အောင်မြင်အောင်ဖော်ဆောင်ရေး သူနာပြု၊ သားဖွားများသည် အရေးကြီးသဖြင့် မိမိတို့ ကိုယ်တိုင်လည်း အရည်အသွေးပြည့်မီရေး၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်ထူးချွန်ရေး၊ လူမှုဝန်းကျင်တွင် ပြေလည်ညီညွတ်မျှတစွာ နေထိုင်နိုင်ရေးတို့ကို သင်ယူလေ့ကျင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့မှာရှိသည့် သူနာပြု-သားဖွားကျင့်ဝတ်များကို လိုက်နာစောင့်ပြီး စည်းကမ်းအတိုင်း ပြုမူနေထိုင်ကြရန် လိုအပ်ကြောင်း၊ ပထမနှစ်ကတည်းက အများတကာထက် သာလွန်ကောင်းမွန်သည့် စိတ်ဓာတ်ကောင်းများ ပိုင်ဆိုင်နိုင်စေရန်နှင့် ထူးချွန်ထက်မြက်သည့် သူနာပြုဆရာ၊ ဆရာမကောင်းများဖြစ်စေရေး စဉ်ဆက်မပြတ် လေ့လာကြိုးစားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ဒေသခံပြည်သူများ၏ ရင်သွေးများဖြစ်သော မျိုးဆက်သစ်လူငယ်များကို အသက်မွေးဝမ်းကျောင်းမှု အတတ်ပညာရပ်ဖြစ်သည့် သူနာပြုနှင့် သားဖွားအတတ်ပညာများ တတ်မြောက်စေ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာဖြစ်ကြောင်း၊ ပြည်သူလူထုက အားထားရသည့် အရည်အသွေး ပြည့်ဝသည့်  သူနာပြု-သားဖွားကောင်းများကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် အထောက်အပံဖြစ်ပါကြောင်း၊ ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ရာတွင် အားဖြည့်နိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (မကွေး)မှ သင်တန်းသား၊ သင်တန်းသူများက ကရုဏာအလင်း သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး၊ အပတ်စဉ်(၂၅)တတိယနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းမှ ဒုတိယနှစ်တွင် ပညာရည်ထူးချွန်ဆု ရရှိသူများနှင့် အပတ်စဉ်(၂၆) ဒုတိယနှစ်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းမှ ပထမနှစ်တွင် ပညာရည်ထူးချွန်ဆု ရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပညာရည်ထူးချွန်ဆုများ အသီးသီးချီးမြှင့်ပေး အပ်ကာ၊ အပတ်စဉ်(၂၇)ပထမနှစ် သူနာပြု-သားဖွား(၃)နှစ် သင်တန်းသား၊ သင်တန်းသူ(၉၁)ဦးအား တာဝန်ရှိသူတို့က  ဂျူတီကုတ်နှင့် ဦးဆောင်းများ အသီးသီးအပ်နှင်းခဲ့ကြသည်။


ဆက်လက်ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး) သင်တန်းသား၊ သင်တန်းသူများက ရတနာပုံ၊ မျှော်လင့်နေတုန်း ပျို့ဖုန်းလှမ်းခဲ့ပါ တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက် ခဲ့ကြပြီး၊ အပတ်စဉ်(၂၈)ပထမနှစ် (ဒုတိယအသုတ်) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း သင်တန်းသား၊ သင်တန်းသူ(၆၀)ဦးတို့က မြို့နယ်အလိုက် မိတ်ဆက်ဂါရဝပြုခြင်း ဆောင်ရွက်ခဲ့သည်။


ထို့နောက် သင်တန်းသား၊သင်တန်းသူများက တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေကာ၊ တိုင်ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)မှ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၏ အနှစ်သာရအား ပြောကြားခဲ့ပြီး၊ အပတ်စဉ်(၂၇)ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းသား/သင်တန်းသူ(၉၁)ဦးတို့က သူနာပြုကျင့်ဝတ်ရွက်ဆို အဓိဌာန်ခြင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် သူနာပြုသင်တန်းကျောင်း (မကွေး)သူနာပြု-သားဖွား ဒီပလိုမာ (၃)နှစ် သင်တန်းသား၊ သင်တန်းသူများမှ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့သည့်အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)