မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး ရန်ပုံငွေရရှိစေရန် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများကို ဂုဏ်ပြုသည့်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး ရန်ပုံငွေရရှိစေရန် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများကို ဂုဏ်ပြုသည့်အခမ်းအနားကျင်းပ


MNP ၊ ဇွန် ၂၀

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး ရန်ပုံငွေရရှိရန် ပါဝင်‌ဆောင်ရွက် ပေးခဲ့ကြသူများအား ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ SKY STAR HOTEL ၌ ကျင်းပသည်။

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ၏ ပဒေသာကပွဲကို ဇွန် ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ စုပေါင်းဖျော်ဖြေတင်ဆက်၍ ရန်ပုံငွေရှာဖွေခဲ့ကြသည်။

အလားတူ ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်‌ရေး လေးပွင့်ဆိုင်ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း၌ကျင်းပရာ ရုပ်ရှင်အသင်း (MOVIE FC)၊ ဂီတအသင်း (MUSIC FC)၊ ညွန့်ပေါင်းအသင်း (OLD STAR FC)၊ FOREVER FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ်များ တစ်ခဲနက်လာရောက်အားပေးကာ စေတနာသဒ္ဓါတရား ထက်သန်စွာ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။ မကြာမီကာလတွင် အဆိုပါ ရန်ပုံငွေပွဲများမှ လှူဒါန်းရရှိငွေများအား အနုပညာရှင်များ၊ အတတ်ပညာရှင်များက ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြမည်ဟု သိရသည်။

ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်း‌ဒေသကြီးဝန်ကြီးများ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နှင့် ဟာသပညာရှင်များ အစည်းအရုံးတို့မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အနုပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် ဘောလုံးသမားဟောင်းများ၊ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးတွင် လှူဒါန်းထောက်ပံ့ခဲ့ကြသည့် အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ မိုခါမုန်တိုင်း မကျရောက်မီ ကြိုတင်ပြင်ဆင်မှု၊ မုန်တိုင်းကျရောက်စဉ် အရေးပေါ်တုံ့ပြန်မှုနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှု၊ မုန်တိုင်းကျရောက်ပြီးနောက် အပျက်အစီးများ ရှင်းလင်းဖယ်ရှားမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံ့ အကြီးအကဲများကိုယ်တိုင် သွားရောက်၍ စီမံလုပ်ဆောင်မှု၊ ဝန်ကြီးဌာနများက သက်ဆိုင်ရာကဏ္ဍများအလိုက် အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြည်တွင်း ပြည်ပအလှူရှင်များက ဆက်သွယ်ပေးပို့လှူဒါန်းမှု၊ မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများအား အနုပညာရှင်များ သွားရောက်တွေ့ဆုံ လှူဒါန်း၍ အားပေးစကားပြောကြားမှု၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသ အစည်းအရုံးတို့ပူးပေါင်း၍ ရန်ပုံငွေရှာဖွေရေး ပဒေသာကပွဲ ကျင်းပမှု၊ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများနှင့် အနုပညာရှင်များပူးပေါင်း၍ ရန်ပုံငွေ ဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲကျင်းပမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုကို စည်းလုံးမှု စုပေါင်းစွမ်းအားဖြင့် တုံ့ပြန်ဖြေရှင်း ဆောင်ရွက်နိုင်မှု သရုပ်ဖော် Video Clip ကို ဖွင့်လှစ်ပြသရာ စုပေါင်းကြည့်ရှု အားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် မေ ၁၄ ရက်က အလွန့်အလွန် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ် ခံရသည့်အတွက် ရခိုင်ပြည်နယ်၌ ထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်အလိုက် လူအင်အား၊ စက်ကိရိယာအင်အားများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းမှ စာနာထောက်ထားသောအားဖြင့် အလှူငွေများ ပါဝင်လှူဒါန်းလျက်ရှိပါကြောင်း၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ဟာသအနုပညာရှင်၊ အတတ်ပညာရှင်များက စိတ်ရင်းစေတနာ မှန်စွာဖြင့် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ ကြသည့်အတွက်များစွာဝမ်းမြောက် ပီတိဖြစ်ရပါကြောင်း၊ နောင်လာမည့် အနာဂတ်တွင်လည်း နိုင်ငံနှင့်လူမျိုးအကျိုးအတွက် ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံး(ဗဟို) နာယက ဦးချမ်းသာ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်း အရုံးအတွင်းရေးမှူး ဦးချစ်စုနှင့် မိုခါရန်ပုံငွေ ဘောလုံးပွဲနှင့် တေးဂီတဖျော်ဖြေပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းဦးတို့က ဝမ်းမြောက်စကား ပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြ သူများအား လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အနုပညာရှင် အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် ဘောလုံးသမားဟောင်းများနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)