Pages

Pages

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် နဝမအစည်း အဝေးကျင်းပ


MNP ၊    ဇွန်   ၂၄

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် နဝမအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။


 အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ (မစိုးရိမ်ဆရာတော်)က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ (ချမ်းမြသာစည်ဆရာတော်)က ဆောင်ရွက်သည်။


အစည်းအဝေးကို “သာသနဿစ လောကဿ” အစချီသော ဂါထာကို ၃ ကြိမ် ရွတ်ဆို၍ ဖွင့်လှစ် တော်မူကြပြီး ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ (မစိုးရိမ်ဆရာတော်)က သြဝါဒကထာ မြွက်ကြားသည်။


ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် အဋ္ဌမအစည်းအဝေးမှတ်တမ်း (တ-စ ၈/၂၀၂၃)ကို ဖတ်ကြားအတည်ပြုတော်မူကြပြီး ဝိနိစ္ဆယရေးရာ တင်ပြချက်များ၊ သာသနာရေးရာ တင်ပြချက်များ၊ ပညာရေးရာ တင်ပြချက်များနှင့် အထွေထွေကိစ္စ ရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” ၃ ကြိမ် ရွတ်ဆို ဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။


အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ (တတိယအဖွဲ့ခွဲ)ဆရာတော် ၁၄ ပါး တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊  အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment