ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့သော ကချင်ပြည်နယ်မှ မြန်မာ့လက်ရွေးစင်အားကစားသမားများအား ဂုဏ်ပြု ချီးမြှင့်၊ ပန်းမြို့တော်အကောင်အထည်ဖော်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့သော ကချင်ပြည်နယ်မှ မြန်မာ့လက်ရွေးစင်အားကစားသမားများအား ဂုဏ်ပြု ချီးမြှင့်၊ ပန်းမြို့တော်အကောင်အထည်ဖော်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး






MNP ၊ ဇွန် ၁၅

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ကချင်ပြည်နယ်မှ မြန်မာ့လက်ရွေးစင်အားကစားသမားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ် ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်းစုံမှ အားကစားသမားများစွာက အားကစား စွမ်းရည်များကို အသီးသီးပြသခဲ့ရာတွင် နိုင်ငံ့လက်ရွေးစင်များအဖြစ် မိမိတို့ကချင်ပြည်နယ်မှ အားကစားသမားများ ကလည်း ထူးချွန်ထက်မြက်သည့် အားကစားအရည်အသွေးများကို ပြသနိုင်သည့်အပြင် နည်းပြများ က ရွှေတံဆိပ်ဆုများ၊ အားကစားသမားများက ငွေတံဆိပ်ဆုများနှင့် ကြေးတံဆိပ်ဆုများကို အသီးသီး ဆွတ်ခူးရယူပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာ့လက်ရွေးစင်အားကစားသမားအဖြစ် ကချင်ပြည်နယ်ကို ကိုယ်စားပြုပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသလို သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့ကြသည့် အားကစား သမားများအား ပြည်နယ်သူ/ပြည်နယ်သားများကိုယ်စား အထူးပင်ကျေးဇူးတင်မှတ်တမ်းတင်ဂုဏ်ယူ ပါကြောင်း ဂုဏ်ပြုပြောကြားသည်။


ထို့နောက် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ဆုရ ပိုက်ကျော်ခြင်းအားကစားနည်းပြချုပ်က (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သော အတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပိုက်ကျော်ခြင်းအားကစားနည်းတွင် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော နည်းပြချုပ် ဦးသန်းလွင်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၅)သိန်း၊ ငွေတံဆိပ်၊ ကြေးတံဆိပ် (၁)ခုစီရရှိခဲ့သော ပိုက်ကျော်ခြင်း အားကစားသမား မောင်စစ်လင်းထွဋ်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂၃)သိန်း၊ ဝူရှုးအားကစားနည်းတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သော မောင်နေဝင်းထွဋ်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၃)သိန်း ကိုလည်း ကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့ သော မခင်မျိုးဝင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၅)သိန်း၊ ပီတန်းအားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင် ခဲ့သော မတင်တင်ဝေအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၈)သိန်းကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာက ပိုက်ကျော်ခြင်းအားကစားနည်းတွင် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၂)ခုနှင့် ကြေးတံဆိပ်(၁)ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော နည်းပြများဖြစ်သည့် ဦးကျော် သီဟဦးနှင့် ဦးအောင်ချိုမြင့်တို့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၅)သိန်းစီနှင့် ဂျူဒိုအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ် (၁)ခုရရှိခဲ့သော မောင်ထိုက်ထိုက်ကျော်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၃)သိန်းကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက တင်းနစ်နည်းပြအဖြစ် ပါဝင်ခဲ့သော ဦးမင်းမင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၈)သိန်းနှင့် ဝူးရှုး(ထောက်လု)အားကစားပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော မောင်ကျော်ဇေဝင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၈)သိန်းကိုလည်းကောင်း အသီးသီး ဂုဏ်ပြု ချီးမြှင့်ခဲ့ကြရာ ပိုက်ကျော်ခြင်းနည်းပြချုပ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြစ်ကြီနားမြို့ အောက်နန်းရပ်ကွက်ရှိ တပင်ရွှေထီး လမ်းမတစ်လျှောက် လမ်းလယ်ကျွန်းများရှိ ပျိုးပင်အဟောင်းများအား လဲလှယ်၍ စက္ကူပန်းပင်များ၊ အလှပန်းပင်များ လဲလှယ်စိုက်ပျိုးဆောင်ရွက်နေမှုများနှင့်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှု ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက လမ်းဘေးဝဲ/ယာတွင် အမှိုက်များ ကောက်ယူခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဖောက်ထုတ်ပေးခြင်း၊ မြက်ရိတ်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)