Pages

Pages

ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်




MNP ၊    ဇွန်   ၂၉

အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်နှင့် နောက်ဆက်တွဲ သဘာဝဘေးများကြုံတွေ့လာပါက ကာကွယ်ရေးနည်းလမ်းနှင့် တုံ့ပြန်ပြုမူဆောင်ရွက်ရမည့် အသိပညာဗဟုသုတများ သိရှိစေရန်နှင့် ကိုယ်တိုင်စနစ်တကျ တုံ့ပြန်ဆောင်ရွက်‌တတ်‌စေရန် ရည်ရွယ်၍ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၏ ဦးဆောင်စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ အခြေခံပညာ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း‌၍ ယမန်နေ့က ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ "မြေငလျင်ဘေးအန္တရာယ်  သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း" ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဇာတ်တိုက်လေ့ကျင့်ရာတွင်  ငလျင်ဘေးကျရောက်လာပါက ကျောင်းသား၊ ကျောင်းသူများအား ကြောက်ရွံ့ထိတ်လန့်မှုမရှိရန်နှင့် သတိရှိပြီး စိတ်တည်ငြိမ်မှုရှိရန်၊ ငါးစက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါကပြေးထွက်ရန်၊ မရောက်နိုင်ပါက အသက်အန္တရာယ်ထိခိုက်မှုမရှိစေရေးအတွက် ဘေးကင်းလုံခြုံသောနေရာများ၌ ရွေးချယ်နေရာယူပြီးဝပ်နေရန်၊ ခိုင်ခံ့သော စားပွဲ၊ ခုံ၊ ခုတင်အောက်တို့တွင် မိမိကိုယ်ကိုအကာအကွယ်ယူရန်နှင့် ၎င်းတို့ကို မြဲမြံစွာကိုင်ထားရန် စသည့် ငလျင်လှုပ်နေချိန်တွင် ပြုမူနေထိုင်ရမည့် (ဝပ်/ကာ/ကိုင်) နည်းလမ်းများနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရမည့် နည်းလမ်းများကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက လိုက်လံဆော်ဩ အသိပညာပေးပြောကြားပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့ကျင့်မှုအား လက်တွေ့စု‌ပေါင်းလုပ်ဆောင်ကြသည်။


ဆက်လက်၍ ငလျင်ဘေးကြောင့် ကိုယ်ဝန်ဆောင်နှင့် မသန်စွမ်းသူများအပါအဝင် ထိခိုက်မှုရှိသူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အရပ်ဘက်ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ပါဝင်သော ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ကြပြီး ရှေးဦးသူနာပြုစုခြင်းနှင့် လူနာတင်ယာဉ်များဖြင့် ယာယီကျန်းမာရေးဆေးခန်းသို့ ပို့ဆောင်ကုသမှုများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ကြသည်။


ထို့အပြင် ငလျင်‌ဘေးနှင့်အတူ နောက်ဆက်တွဲ ဖြစ်ပေါ်လေ့ရှိသော မီးလောင်မှုများဖြစ်ပွားပါက ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် မီးငြိမ်းသတ်ရေး‌ ဆောင်ရွက်နိုင်ရန် ဂက်စ်မီး‌လောင်မှုအား မီးငြိမ်းသတ်နည်း၊ လောင်စာဆီမီးလောင်မှုအား ရေစိုအဝတ်ဖြင့်မီးငြိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးဆောင်သော တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့ လေ့ကျင့်လုပ်ဆောင်ကြပြီး အဆိုပါဇာတ်တိုက်လေ့ကျင့်မှုများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြပြီး လေ့ကျင့်မှု အပြီးတွင် တာဝန်ရှိသူများက  ကျောင်းသား၊ ကျောင်းသူများအား ကဏ္ဍအလိုက် သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။


ကိုဆက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment