Pages

Pages

မအီမြို့ပေါ်ရပ်ကွက်များ သောက်သုံးရေဖူလုံစွာ ရရှိနိုင်စေရေးအတွက် ညောင်ခြေထောက်ဆည်အား မြေကျင်း ၉၀၀၀ ဝန်းကျင်ခန့် တူးဖော်ရန်လိုအပ်နေ





MNP ၊    ဇွန်   ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနေသည့် ညောင်ခြေထောက်ဆည်မှာ နုံးနွံများ အနည်ထိုင်ခြင်းနှင့် ရေလယ်ခေါင် သောင်ထွန်းလာခြင်းများကြောင့် ဆည်အတွင်းသို့ ကွင်းဆင်းတိုင်းတာချက်အရ မြေကြီးထုထည်ပမာဏ မြေကျင်း ၉၀၀၀ ဝန်းကျင်ခန့် တူးဖော်ရန် လိုအပ်နေကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။


အဆိုပါ ညောင်ခြေထောက်ဆည် ရေသိုလှောင်မှု အခြေအနေနှင့် ပတ်သက်၍ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်က  ယခုလက်ရှိ ဆည်အတွင်းရေသိုလှောင်နိုင်မှုမှာ ဂါလံ ၁၈ သန်းခန့်သာရှိကြောင်း၊ မြို့ပေါ် ရေသုံးစွဲမှု လူဦးရေအရဆိုလျှင် လုံလောက်မှု မရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် နွေရာသီကာလအတွင်း ရေကိုလုံလောက်စွာ ရရှိသုံးစွဲနိုင်ရေးအတွက် ယခုကာလမှ စ၍ ချွေတာသုံးစွဲရန် လိုအပ်ကြောင်း၊ ရေအလေအလွင့် မဖြစ်ဖို့ကိုလည်း ဂရုပြု ဆောင်ရွက် သင့်ကြောင်း၊ မိမိတို့ ပတ်ဝန်းကျင်ရှိ ရေပိုက်များ ထိခိုက်ပျက်စီးမှုများ ရှိပါက 09 674305252 / 09 676490840 /09 443953293 စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဆည်တူးဖော်နိုင်ရေးအတွက် လာမည့် ဘဏ္ဍာနှစ်များတွင် ဦးစားပေးအနေဖြင့် လျာတားရေးဆွဲ တင်ပြသွားမည် ဖြစ်ပါကြောင်း၊ မြို့ပေါ်ရပ်ကွက်များသို ယခုနှစ်အတွက် ဆည်ရေပေးဝေမှုကို ဇူလိုင်လ (၁)ရက်နေ့မှ စတင်၍ ပေးဝေတော့မည်ဖြစ်‌ကြောင်း ပြောကြားခဲ့သည်။


မအီမြို့၏ အနောက်တောင်ဘက်ရှိ ဖော်ပြပါ ညောင်ခြေထောက်ဆည်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တောင်ကျချောင်းရေကို တစ်ဖက်ပိတ်ဆည်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေပေးဝေရေးလုပ်ငန်းများကို မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment