Pages

Pages

ပျဉ်းမနားမြို့၌ အဋ္ဌမအကြိမ်မြောက် မြို့နယ်သံဃနာယကအဖွဲ့ မြို့နယ်သံဃာ့ဝန်ဆောင် နှစ်ပတ်လည် အစည်းအဝေးကျင်းပ



MNP ၊    ဇွန်   ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် အဋ္ဌမအကြိမ်မြောက် မြို့နယ်သံဃနာယကအဖွဲ့ မြို့နယ်သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မင်္ဂလာဗျူဟာသာသနာ့ဗိမန်၌ ကျင်းပခဲ့ရာ ပျဉ်းမနားမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇာဂရ (ဂန္ထဝါစကပဏ္ဍိတ)နှင့် ဆရာတော်ကြီးများ၊ ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။


ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများက “သာသနဿစ လောကဿ” စသော တစ်ဂါထာကို တညီတညွတ်တည်း သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ဖွင့်ခဲ့သည်။ ထို့နောက် အစည်းအဝေး၏ သဘာပတိ ပျဉ်းမနားမြို့နယ် သံဃနာယကအဖွဲ့  ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇာဂရ (ဂန္ထဝါစကပဏ္ဍိတ)မှ အဖွင့်ဩဝါဒကထာ မြွက်ကြားတော်မူရာတွင် ဘုရားတပည့်တော်တို့သည် “ဗုဒ္ဓပုတ္တာစလောကသို့ ဝတ္တန္တိ ဂုဏသာဂရာ” ဆိုသည့်အတိုင်း တစ်အူတုံဆင်း မြတ်စွာဘုရားခြေတော်ရင်းမှ မွေးဖွားလာကြသော ညီအကိုများ ဖြစ်ကြပါသည်ဘုရား။ ထိုသို့ ဖြစ်ကြသည့် အားလျော်စွာ မြတ်စွာဘုရားဟောကြားထားသော ဓမ္မ၊ ဝိနယတို့ကို ရိုသေစွာသင်ယူခြင်း၊ ရိုသေစွာလိုက်နာကျင့်သုံးခြင်းဖြင့် ဗုဒ္ဓ၏ကျေးဇူးကို ပြန်လည် ပေးဆပ်ကြရပါမည် ဘုရား။ ဘုရားရှင်လက်ထက်က အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယ၊ အရှင်ကိမိလမထေရ် တို့ကဲ့သို့ တစ်ဦးနှင့်တစ်ဦး ညီညွတ်စွာ အေးတူပူအမျှ အတူတကွ သီတင်းသုံးနေထိုင်တော်မူကြသည်ကို စံနမူနာယူ၍ တစ်ပါးနှင့်တစ်ပါး၊ တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့ခွဲခြားနေထိုင်ကြရသော်လည်း သူ့ရွာ၊ ငါ့မြို့၊ သူ့ဆွေမျိုး ငါ့ဆွေမျိုး၊ သူ့တပည့် ငါ့တပည့်မခွဲခြားဘဲ မြတ်စွာဘုရား၏ သားတော်များပီပီ“သုခါသံဃ ဿမဂ္ဂီ သမဂ္ဂါနံ တပေါ သုခေါ”ဟူသော ဘုရားဟော တရားတော်နှင့်အညီ ညီညွတ်စွာနေထိုင်ကြစေလိုပါ သည်ဘုရား။ သံဃာတော်အရှင်သူမြတ်တို့ဘုရား- တပည့်တော်တို့ မြို့နယ်သံဃာ့အဖွဲ့အစည်းများ အနေဖြင့် သာသနာတော်ကြီးအရှည်တည်တံ့ပြန့်ပွားစေရေး ပရိယတ္တိ၊ ပဋိပတ္တိသာသနာတော် အားပေးချီး မြှောက်ခြင်း၊ မြို့နယ်အတွင်းမလိုလားအပ်သော ကိစ္စရပ်များ မပေါ်ပေါက်စေရေးတို့အတွက် ဝိနယ နုလောမဖြစ်သော သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တပည့်တော်တို့အနေဖြင့် သာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေး ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း လျှောက်ထားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့သည်။


ဆက်လက်၍ ပျဉ်းမနားမြို့နယ်သံဃနာယကအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာကို ဖတ်ကြားလျှောက်ထားရာတွင် ပျဉ်းမနားမြို့ နယ်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပဏ္ဍဝက ဝိနိစ္ဆယရေးရာကဏ္ဍ အားလည်းကောင်း၊ ပျဉ်းမနားမြို့နယ်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပဏ္ဍဝက သာသနာရေးရာကဏ္ဍများ အားလည်းကောင်း အသီးသီးလျှောက်ထားတင်ပြခဲ့ကြသည်။ ဆက်လက်၍ ပျဉ်းမနားမြို့နယ် သံဃနာယကအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တင်သွင်းသည့် အစီရင်ခံစာကို ဝေဖန်/အကြံပြု ဆွေးနွေးကြပြီး ပျဉ်းမနားမြို့နယ်သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော်က နှစ်ပတ်လည် အစီရင်ခံစာကို ပျဉ်းမနားမြို့နယ်သံဃနာယကအဖွဲ့သို့ တင်သွင်း၍ အတည်ပြုချက် ရယူခဲ့သည်။


ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော် သံဃာတော်များက ပျဉ်းမနားမြို့နယ် သံဃနာယကအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာအပေါ် ဆွေးနွေးတင်ပြခဲ့ကြသည်။


ဆက်လက်၍ ပညာရေးရာကဏ္ဍအား ပျဉ်းမနားမြို့နယ် သံဃနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကုသလက လျှောက်ထား တင်သွင်းခဲ့ပြီး အစည်းအဝေး၏ သဘာပတိ ပျဉ်းမနားမြို့နယ် သံဃနာယကအဖွဲ့  ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇာဂရ(ဂန္ထဝါစကပဏ္ဍိတ)မှ နိဂုံးချုပ် ဩဝါဒကထာကို မိန့်ကြားတော်မူခဲ့ပြီး အစည်းအဝေးကို “ဇယန္တော ဗောဓိယာ မူလေ” အစချီသော နှစ်ဂါထာကိုရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment