လူငယ်တွေ ကြေးစားလူသတ်သမား မလုပ်ကြဖို့ လက်နက်တန်ဖိုးပေးပြီး ဖိတ်ခေါ်နေတဲ့ နစက - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်တွေ ကြေးစားလူသတ်သမား မလုပ်ကြဖို့ လက်နက်တန်ဖိုးပေးပြီး ဖိတ်ခေါ်နေတဲ့ နစက



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ရဲ့ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့က PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ ရောက်ရှိနေကြတဲ့ လူငယ်များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာမည်ဆိုပါက လက်နက်အမျိုးအစားပေါ်မူတည်ပြီး ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ၂၀၂၃ခုနှစ်၊ မေလ(၉)ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား လိုအပ်သည့်ကူညီပံ့ပိုးမှုများပြုလုပ်ပေးသွားမည်ဖြစ်ပြီး လက်နက်/ခဲယမ်းများဖြစ်သည့် ရိုင်ဖယ်အုပ်စုဝင်သေနတ်(၁)လက်ပါရှိပါက ကျပ်သိန်း(၅၀)၊ ပစ္စတိုအုပ်စုဝင်သေနတ် (၁)လက်ပါရှိပါက ကျပ်သိန်း(၂၀)၊ ပြောင်းချောသေနတ်(၁)လက်ပါရှိပါက ကျပ်သိန်း(၃၀)စီ ဆုကြေးငွေများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ စိန်ပြောင်းလောင်ချာ၊ အာပီဂျီကဲ့သို့ လက်နက်များ(၁)လက်ပါရှိပါက ကျပ်(၇၅)သိန်း၊ လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်း၊လက်လုပ်သေနတ်(၁)လက်ပါရှိပါက ကျပ်(၅)သိန်း၊ လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများပါရှိပါက ကျပ်(၃)သိန်း၊ လက်နက်/ခဲယမ်းမှအပအခြားအသုံးအဆောင်ပစ္စည်းများ(ဥပမာ- စကားပြောစက်) ပါရှိပါက ကျပ်(၂)သိန်း၊ ဗုံးဖောက်ခွဲရေးအတွက်အသုံးပြုနိုင်သော Drone (၁)စင်းပါရှိပါက ကျပ်သိန်း(၅၀)တို့အားဆုကြေးငွေအဖြစ် ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


ဒီထုတ်ပြန်ချက်ထွက်လာတော့ စာရေးသူစဉ်းစားမိတာက PDF တွေဆီက လက်နက်တွေကို ပြန်ဝယ်ယူနေတာပဲ။ ဘာကြောင့် ဒီလိုဝယ်ယူတာလဲလို့ မေးရင် အာဏာလက်မဲ့ဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံ ဖွဲ့စည်းခဲ့တဲ့ NLD ပါတီက ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေက လူငယ်တွေကို ကြေးစားအကြမ်းဖက်သမားများအဖြစ် အသုံးချနေတာတွေ တွေ့လာရတယ်။ လူငယ်တွေလက်ထဲမှာ လက်နက်တွေ ရှိနေမယ်ဆိုရင် ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေက ဟိုလူ့ကို သွားသတ်လိုက်ဆိုရင်လည်း သတ်ကြမှာပဲ။ ဒီလူကို သွားသတ်လိုက်ဆိုရင်လည်း သတ်ကြမှာပဲ။


ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေ က အဲဒီလိုခိုင်းစေနေခြင်းဖြစ်တယ်ဆိုတာ ဖမ်းဆီးရမိ အကြမ်းဖက်သမးတွေက ဝန်ခံထွက်ဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ လူငယ်တွေကို လုပ်ရဲကိုင်ရဲရှိအောင် မူးယစ်ဆေးဝါးနဲ့ ဖျက်ဆီးတယ်။ မူးယစ်ဆေးဝါး သုံးစွဲစေပြီး အကြမ်းဖက်လုပ်ရပ်တွေ လိုက်လုပ်ခိုင်းခဲ့တဲ့ မှတ်တမ်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီထက်မက ပိုပြီး ထုတ်ပြန်ပေးလို့ ရနိုင်တဲ့အချက်တွေရှိတယ်လို့ စာရေးသူက ယုံကြည်ပါတယ်။ 


ယခုနှစ် မေလနှောင်းပိုင်းနဲ့ ဇွန်လဆန်းပိုင်းမှာ ဖမ်းဆီးရမိ အကြမ်းဖက်သမားတွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး သုံးသပ်မယ်ဆိုရင်ပဲ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ NUG(NLD) ရဲ့ သြဇာခံ အကြမ်းဖက် အကြမ်းဖက်သမားလေးတွေဟာ လူတစ်ယောက် သတ်ပေးရင် ၅သိန်းရတယ်။ အခြေအနေ ကြည့်ရှုပေးသူက ၁သိန်း ရတယ်။ ဒီအပေါ်မှာ သာယာပြီး လုပ်သင့်/ မလုပ်သင့် မစဉ်းစား မဆင်ခြင်ဘဲ လိုက်လုပ်နေကြတာ ဖြစ်ပါတယ်။ ဦးတင့်လွင်ကို သတ်ဖြတ်ခဲ့တာလည်း ဒီအဖွဲ့ပါပဲ။ ဦးတင့်လွင်ကို လုပ်ကြံသတ်ဖြတ်ဖို့ရာ တစ်ကြိမ်တည်း အသေမသတ်နိုင်လို့ ၂ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့တာကို ကြည့်ခြင်းအားဖြင့် ပြည်ပြေး ဝရမ်းပြေးတွေဟာ သိပ်ကို ယုတ်မာရိုင်းစိုင်းလာတယ်။ ဖမ်းဆီးရမိ အကြမ်းဖက်သမားတွေကို ရဲ့ ဝန်ခံချက်တွေမှာပဲ သူတို့ လုပ်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှုရဲ့ နောက်ကွယ်မှာ NLD ၊ ၈၈ ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ခိုင်းစေနေခြင်းဖြစ်တယ်ဆိုတာလည်း စိစစ်တွေ့ရှိခဲ့ရပါတယ်။


NLD ပါတီက ရည်မွန်၊ လွင်ကိုလတ်၊ မျိုးရန်နောင်သိန်း တို့ရဲ့ ခိုင်းစေမှု၊ ငွေကြေးပံ့ပိုးပေးမှုနဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့တွေ ရှိသလို ၈၈ က ဂျင်မီရဲ့ ခိုင်းစေချက်၊ မင်းကိုနိုင် ရဲ့ ခိုင်းစေချက်နဲ့ လုပ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေလည်း ရှိနေပါတယ်။ အမျိုးသားရေးလှုပ်ရှားသူ တေးသံရှင် လီလီနိုင်ကျော် ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိပြီး စစ်ဆေးရာမှာ ကြိုးစင်တက်ခဲ့ရတဲ့ NLD ပါတီက မောင်ကျော်(ခ) ဇေယျာသော်နဲ့အတူ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်နေတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့က ဒီငြိမ်းလင်းရဲ့ ခိုင်းစေချက်ကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်။


သိပ်ပြီး အထွေအထူး စဉ်းစားဖို့တောင် မလိုတော့ပါဘူးဗျာ။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေပါ၊ ဒီမိုကရေစီကို လိုလားသူတွေပါဆိုတဲ့ NLD ၊ ၈၈ ၊ ကျောင်းသားသမဂ္ဂအဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီသေးသလား။ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု ရှိသေးရဲ့လား။ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားပြီး လိုက်သတ်ခိုင်းနေမှဖြင့် ဒီမိုကရေစီစံနှုန်းဆိုတဲ့ ပေတံနဲ့ တိုင်းတာလို့ မရတော့ဘူး။ လူ့အခွင့်ရေးနဲ့တော့ ပိုဝေးသွားပြီပေါ့ဗျာ။ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ မှာ "လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။" လို့ဆိုထားပါတယ်။ အခု မြန်မာနိုင်ငံအတွင်းမှာ NLD ၊ ၈၈ ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဦးဆောင်တဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ကြောက်ရွံ့နေကြရတယ်။ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ ဘယ်သူတွေလဲ သဘောပေါက်ပြီလား။ 

လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၅ မှာ "မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာဂုဏ်ငယ်စေ သော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။" တဲ့။ လက်နက်ကိုင်အဖွဲ့တွေဆီမရောက်မီ (အကြမ်းဖက်သင်တန်းမတက်မီ)ကတည်းက အစွန်းရောက် အကြမ်းဖက် စိတ်ရိုင်းစိတ်မိုက် ဝင်နေတဲ့ NLD ပါတီဝင်တွေဟာ သူတို့လိုဆန္ဒမပြတဲ့သူကို ဖမ်းဆီး၊ နှိပ်စက်၊ တက်တူးထိုး၊ ခေါင်းကို လေးကွက်ကြားရိတ်တာမျိုးတွေ လုပ်ခဲ့ကြတယ် မှတ်လား။ အခုလို သတ်ဖြတ်နေမှ လူ့အခွင့်အရေးကို ချိုးဖောက်တာမဟုတ်ဘူး။ ဆူပူမှုတွေ စတင်ပါပြီဆိုကတည်းက စိတ်ရိုင်းစိတ်မိုက်ဝင်ပြီး လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြတာဖြစ်တယ်ဆိုတာကို သိစေချင်လို့ပါ။


လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၉မှာ "မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊  ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။" လို့ ဆိုထားတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေက ဖမ်းဆီးပြီး သတ်ဖြတ်ပစ်လိုက်တာတွေ မနည်းတော့ဘူး။


ဒီမိုကရေစီစံနှုန်းတွေပါ ထည့်ပြောရင် စာလေးလွန်းသွားမှာစိုးလို့ ဒီဆောင်းပါးမှာတော့ လူ့အခွင့်အရေးကြေညာစာတမ်းပါ တချို့သော အပိုဒ်များကိုသာ ထုတ်နှုတ်ပြဆိုခြင်းဖြစ်ပါတယ်။ NLD ၊ ၈၈ ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဦးဆောင်တဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်နေပြီ။ လူ့အခွင့်အရေးကို အလွန်အမင်း ချိုးဖောက်နေပြီ။ 


နစကအနေနဲ့က လူငယ်တွေကို အသိမှန် အမြင်မှန် ရအောင် ဒါတွေကို ထိုင်ပြောနေလို့ မရတော့ဘူး။ သူတို့လက်ထဲမှာ လက်နက်ရှိနေမယ်၊ ပြည်ပြေး ဝရမ်းပြေးတွေက ငွေပေးခိုင်းစေမယ်ဆိုရင် ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့်အရေးတွေကို ထည့်တွက်နေမှာ မဟုတ်ဘူး။ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေကြမှာပဲ။ ကြေးစားအကြမ်းဖက်သမားလေးတွေ ဖြစ်နေကြမှာပဲ။ 


ပြည်ပြေး ဝရမ်းပြေးတွေ ပြည်ဖျက်မီဒီယာတွေ ဂျင်းထည့်ပုံက နစက ဟာ တရားဝင်အစိုးရမဟုတ်ဘူးတဲ့။ ထွက်ပြေးတိမ်းရှောင်နေတဲ့ မဲလိမ်မဲခိုးပြီး အာဏာလက်မဲ့ဖြစ်သွားတဲ့ သူတို့သာလျှင် အစိုးရဆိုပြီး အခုထိ မာန်တက်ပြနေတုန်း။ သူတို့တွေ တရားမဝင်ဘူးလို့ ပြောတဲ့ နစကအစိုးရ က ဆောင်ရွက်ချက်တိုင်းမှာ တာဝန်ယူမှု တာဝန်ခံမှု ရှိတယ်။ လက်နက်များ အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာမယ်ဆိုရင် လက်နက်အမျိုးအစားပေါ်မူတည်ပြီး ဆုငွေချီးမြှင့်ပေးမယ်လို့ ထုတ်ပြန်ကြေညာထားသည့်အတိုင်း လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေကို ဆုငွေတွေ ချီးမြှင့်ပေးနေတယ်။ ဒီထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာတာ ၁၀ကြိမ် နီးပါး ရှိပြီလို့ ထင်တယ်။ လက်နက်မပါဘဲ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတွေလည်း ရှိတယ်။


ဒီကနေ့ (၁၄-၆-၃၀၂၃) ရက်နေ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှာ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ (၁၁)ဦးကို လက်ခံပြီး ဆုငွေတွေ ချီးမြှင့်ပေးတယ်။ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့တယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က PDF သင်တန်းဆင်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ လူငယ်များကို ဆုကြေးငွေများ ထောက်ပံ့ပေးအပ်ရာ မောင်းပြန် လက်နက်ဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ (၅)ဦးအား (၁)ဦးလျှင်ဆုကြေးငွေ သိန်း(၅၀)ကျပ်၊ ပစ္စတိုဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ(၁)ဦးအား ဆုကြေးငွေ (၂၅)သိန်းကျပ်၊ လက်နက်မဲ့ အလင်းဝင်ရောက်လာသူ (၅)ဦးအား (၁)ဦးလျှင် (၂၀)သိန်းကျပ်၊ စုစုပေါင်း(၃၇၅) သိန်းကျပ် ချီးမြှင့်ပေးခဲ့တယ်။ 


ဒီလူငယ်တွေဟာ ပြည်ပြေး ဝရမ်းပြေးတွေ ပြည်ဖျက်မီဒီယာတွေက လုပ်ကြံဖန်တီး ပြောဆိုမှုတွေကို ယုံစားမိခဲ့ကြလိမ့်မယ်။ တပ်မတော်ကို မုန်းတီးနာကျည်းစိတ်တွေ ဖြစ်နေလိမ့်မယ်။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး ပြောဆိုမှုတွေမှာ လမ်းဆုံးခဲ့ကြတဲ့သူတွေ ဖြစ်လိမ့်မယ်။ အဲဒီလို ယုံစားခဲ့မိလို့ ပြည်ပြေး ဝရမ်းပြေးတွေ ပြည်ဖျက်မီဒီယာတွေ ပူးပေါင်းဖော်ဆောင်နေတဲ့ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်မိခဲ့ကြတယ်။ သူတို့ လုပ်ရတဲ့ အလုပ်အပေါ်မှာ သူတို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်မိလို့သာ အခုလို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြတာပေါ့။ ကိုယ့်ရွာသူရွာသားအချင်းချင်း ဖမ်းဆီးသတ်ဖြတ်တဲ့ အလုပ်တွေ၊ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ပြီး ဖျက်ဆီးရတဲ့ အလုပ်တွေကို ဆင်ခြင်တုံတရားရှိတဲ့ လူငယ်တွေက မလုပ်သင့်ဘူးဆိုတာ သိလာကြတာပဲ။ 


ဆင်ခြင်တုံတရားမရှိတဲ့ သူတွေကတော့ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မိစ္ဆာတွေ ပြောသမျှ အဟုတ်ထင်ပြီး ဆင်ကန်းတောတိုး မိုက်မဲနေကြအုံးမှာပဲ။ သူတို့တွေကိုလည်း အမြန်ဆုံး အသိတရားရစေဖို့ကို ဆန္ဒပြုမိပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေမှာ တာဝန်ယူမှု တာဝန်ခံမှု ဘာမှ မရှိဘူး။ သတ်ဖြတ်ဖို့ လှုံ့ဆော်နေတာကလွဲပြီး သူတို့ရဲ့ အကြမ်းဖက်လမ်းစဉ်နောက်မှာ လိုက်ပါပြီး သေပွဲဝင်ခဲ့သူတွေအတွက် ဘာတာဝန်ယူခဲ့တာ ရှိလဲ။ တာဝန်ယူပါမယ်လို့လည်း အာမခံခဲ့ဘူး။ တာဝန်လည်း မယူပါဘူး။ အစိုးရယန္တရား ပျက်ပြားစေဖို့ နိုင်ငံဝန်ထမ်းတွေ CDM လုပ်ဖို့ လှုံ့ဆော်ခဲ့တယ်။ ယုတ္တိမရှိတဲ့ သူတို့ရဲ့ လုပ်ကြံဖန်တီးပြောဆိုမှုနောက်ကို လိုက်ပါပြီး CDM လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေအတွက် ဘာတာဝန်ယူခဲ့တာ ရှိလို့လဲ။ တစ်နှစ်လောက်ကြာမှ ငွေ ၁သိန်းလောက် ထောက်ပံ့ပေးတာကို ဓာတ်ပုံမှတ်တမ်းယူပြီး ပြည်ဖျက်မီဒီယာတွေက သတင်းရေးပေးကြတယ်။ အဲဒါမျိုး လစဉ်ရတဲ့ CDM ဝန်ထမ်းရှိသလား။ မရကြလို့ အတိဒုက္ခရောက်ကုန်ကြတာပေါ့။


ပြည်ပြေး ဝရမ်းပြေးတွေ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေအပေါ်မှာ မူတည်ပြီး နစကအစိုးရကလည်း ကယ်တင်လို့ ရသမျှ ကယ်တင်ခဲ့ပါတယ်။ CDM လုပ်ခဲ့ကြသူတွေကိုလည်း တာဝန်ပြန်လည်ထမ်းဆောင်နိုင်စေဖို့ လမ်းဖွင့်ပေးခဲ့တာပဲ။ အကြမ်းဖက်အဖွဲ့ထဲ ရောက်သွားကြသူတွေကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ 


နောက်ဆုံး ပြည်ပြေး ဝရမ်းပြေးတွေက လူငယ်တွေကို ငွေကြေးနဲ့ ဖျားယောင်းသွေးဆောင်ပြီး ကြေးစားအကြမ်းဖက်သမားတွေအဖြစ် အသုံးချနေတဲ့ အခြေအနေမှာ လူသတ်ပြီးတော့ ငွေမရှာကြနဲ့ လက်နက်အပ်နှံပြီး ငွေရှာနိုင်ဖို့ လမ်းဖွင့်ပေးခဲ့တာပဲ မဟုတ်လား။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ ကျန်ရှိနေသေးတဲ့ လူငယ်တွေ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး ပြောဆိုမှုတွေနောက်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်ပြီး ကျူးလွန်နေကြမှာလား။ ကြေးစား အကြမ်းဖက်သမားများအဖြစ်နဲ့ လူသတ်ပြီး ငွေရှာမယ်ဆိုရင် ရာဇဝတ်ဘေး က ဥပဒေအရ ပြန်ပြီး ပေးဆပ်ရမှာပဲ။ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ အကြမ်းဖက်သမားတွေ လွတ်အောင် ပြေးနိုင်သလား။ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရလား။ မိမိကျူးလွန်ရင် မိခံရမယ်။ မလုပ်သင့်တဲ့ အလုပ်တွေကို မိုက်ရူးရဲဆန်ဆန် လုပ်ခဲ့ကြတဲ့အတွက် ရာဇဝတ်ဘေး က ခံရမှာပဲဖြစ်တယ်။ လူသတ်ပြီး ငွေရှာမယ့်အစား လူသတ်လက်နက်တွေ အပ်နှံပြီး ဆုငွေထုတ်ယူလိုက်မယ်ဆိုရင် မိမိလည်း ဥပဒေက ပေးတဲ့ ပြစ်ဒဏ်ကို ခံစရာမလိုတော့ဘူး။ ကိုယ့်ပယောဂကြောင့် တပါးသူလည်း အတိဒုက္ခမရောက်တော့ဘူးပေါ့။


ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေကတော့ တည်ငြိမ်းအေးချမ်းမှု ကင်းမဲ့အောင် ပြည်သူတွေ အတိဒုက္ခရောက်အောင် ဖန်တီးပြီး ကိုယ်ကျိုးရှာကြသူတွေ ဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် နည်းမျိုးစုံနဲ့ လှုံ့ဆော်နေကြမှာပဲ။ မြန်မာပြည်တွင်းမှာ ရှိတဲ့ ပြည်သူအားလုံးက တစ်ယောက်နဲ့ တစ်ယောက် နိုင်ငံရေးအမြင်၊ နိုင်ငံရေးခံယူချက် မတူသည့်တိုင်အောင် ဒီမိုကရေစီစံနှုန်းတွေကို အလေးထားတယ်ဆိုရင် ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ အတိဒုက္ခရောက်အောင် လုပ်နေတဲ့ လုပ်ရပ်တွေကို လုံးဝမလုပ်သင့်ပါဘူး။ လူ့အခွင့်အရေးကို အဆိုးဆုံးအခြေအနေထိ ချိုးဖောက်နေတဲ့ လုပ်ရပ်တွေကို အဆုံးသတ်သင့်ပါပြီ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)