ဘာကိုမှ မမျှော်လင့်ဘဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာ ညီငယ်၊ ညီမငယ်တို့ရဲ့ တာဝန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘာကိုမှ မမျှော်လင့်ဘဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာ ညီငယ်၊ ညီမငယ်တို့ရဲ့ တာဝန်













ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေ ထွက်လာပြီး တစ်နိုင်လုံးအတိုင်းအတာနဲ့ ဝိဇ္ဇာဘာသာတွဲ ပထမရရှိခဲ့တဲ့ သမီးလေး မထိုက်သူလင်း ရဲ့ သတင်းဟာ ကျော်ဇောလာပါတယ်။ မြန်မာတစ်နိုင်ငံလုံး ပထမ ရခဲ့တဲ့ သမီးလေးရဲ့ ဘဝအခြေအနေကြောင့်လည်း ပိုပြီး ထင်ပေါ်လာခဲ့ပါတယ်။


မထိုက်သူလင်း ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စု၊ ကုက္ကိုတောရွာမှာ နေထိုင်ပြီး  ကျုံပျော်မြို့နယ်၊ တောက်တဲ့ရိုး အထကကျောင်းမှာ ကျောင်းသွားတက်ရသူ ဖြစ်ပါတယ်။ ဝိဇ္ဇာဘာသာတွဲ ခြောက်ဘာသာဂုဏ်ထူးကို ရမှတ် (၅၁၃)မှတ်ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမ နေရာကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။


ပထမဆုရှင် မထိုက်သူလင်းနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်မှာ မထိုက်သူလင်းက  မူလတန်းကို ရွာကျောင်းမှာ တက်ရောက်ခဲ့ပြီး ပဉ္စမတန်းကနေ တက္ကသိုလ်ဝင် တန်းအထိကို တောက်တဲ့ရိုး အထကမှာ ပညာသင်ကြားခဲ့ကြောင်း၊ ငယ်ငယ်ကတည်းက ဆရာမတွေမြင်ရင် အားကျခဲ့လို့ ဘာသာတွဲ(၂)ကို ယူဖြစ်ခဲ့ကြောင်း၊ The Whole Burma First   ရမယ်လို့ ထင်မထားကြောင်း၊ အရမ်းတော့ကြိုးစားခဲ့ပါတယ်၊ အခုလို ပထမရခဲ့တော့ သိပ်ကိုဝမ်းသာပိတိ ဖြစ်ရပါကြောင်း ဖြေကြားထားတာကို တွေ့ရပါတယ်။ မထိုက်သူလင်း ရဲ့ အဖြေကို ကြည့်ရင်ပဲ ဘာဆုကြီး ရပါစေလို့ ရည်မျှော်ပြီး ကြိုးစားခဲ့ခြင်းမဟုတ်ဘဲ မိမိကြိုးစားရမှာကို သိသည့်အလျှောက် အစွမ်းကုန်ကြိုးစားရင်းက အမြင့်ဆုံး အောင်မြင်မှု ရခဲ့ခြင်းပဲ ဖြစ်ပါတယ်။  


တက္ကသိုလ်ဝင်တန်း တက်နေတဲ့အချိန်မှာ ကြိုးစားခဲ့ပုံနဲ့ ပတ်သက်လို့ "အိပ်ချိန်ပုံမှန် မရှိခဲ့ပါဘူး၊ စာမရသေးရင် အိပ်ချိန်ကို လျှော့ချပါတယ်၊ နံနက် စောစောတိုင်းထပြီး စာကျက်ဖြစ်ပါတယ်။ လျှပ်စစ်မီးမရှိတော့ ဘက္ထရီအိုးခြောက်နဲ့ LED မီးသီးထွန်းပြီး စာကျက်ခဲ့ရပါတယ်။ သင်္ချာဘာသာရပ်ကို အားနည်းခဲ့တဲ့အတွက် အထပ်ထပ်လေ့ကျင့်ခဲ့ရပါတယ်၊ ဆရာမက အသင်အပြ ကောင်းတယ်၊ သင်္ချာဘာသာကို ဂုဏ်ထူးရဖို့ အထူး ကြိုးစားခဲ့ရပါတယ်။ မိဘတွေက အလုပ်မအားကြပါဘူး၊ သူတို့ကို သိပ်ပြီးသနားတယ်၊ ဒါကြောင့် ပိုပြီးကြိုးစားခဲ့ရတယ်၊ ဆရာတွေကလည်း ကြိုးစားတာ သိတဲ့အတွက် စာနဲ့ ပတ်သက်ရင် ကူညီခဲ့ကြပါတယ်၊ The Whole Burma First ရစေချင်ကြတယ်။ အားလုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ပျော်ပါတယ်။" လို့ ဖြေကြားထာတာကို တွေ့ရပါတယ်။ သမီးလေး ထိုက်သူလင်း ကို စံထားပြီး တချို့သော ဂုဏ်ပြု ရေးသားဖော်ပြမှုတွေမှာလည်း မိဘက ပြည့်စုံလို့၊ ကျောင်းကောင်းကောင်းမှာ သိန်းပေါင်းများစွာ အကုန်အကျခံပြီး ထားခဲ့လို့ မဟုတ်ဘူး။ အခက်အခဲကြားက ကြိုးစားရုန်းကန်ပြီး The Whole Burma First ရယူခဲ့ပုံကို ဖွဲ့ဆိုရေးသားကြပါတယ်။


မထိုက်သူလင်းက သူရည်ရွယ်ချက်ရှိတဲ့အတိုင်း "ပညာရေးတက္ကသိုလ် ဆက်တက်ပြီး ကျောင်းဆရာမ လုပ်ချင်ပါတယ်။" လို့ ပြောထားပါတယ်။ မထိုက်သူလင်း က စာမေးပွဲ ကျခဲ့တဲ့ သူငယ်ချင်းတွေအတွက်၊ သူ့နောက်က တက်လာကြမယ် မောင်ငယ်၊ ညီမငယ်တွေအတွက် အားပေးစကား ပြောထားပုံက "အားမငယ်ဖို့ ပြောချင်ပါတယ်။ အကြိမ်တစ်ရာလဲကျရင် တစ်ရာ့တစ်ကြိမ်မှာ ပြန်ထနိုင်ရမယ်ဆိုတဲ့ စိတ်မွေးစေချင်ပါတယ်။ စိတ်သာ အဓိကလို့ ဘုရားရှင်က လည်းဟောခဲ့ပါတယ်၊ ကြိုးစားရင်ဘာမဆို ဖြစ်နိုင်တယ်လို့ အားပေးချင်ပါတယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ပြောချင်ပါတယ်၊ ကျူရှင်မရှိရင်လည်း အားမငယ်ဖို့။ ဆရာတွေ သင်ကြား တာကို ဂရုစိုက် နားထောင်ပြီး သေချာကျက်မှတ်ရင် အဆင်ပြေတယ်လို့ ပြောချင်ပါတယ်။" ဆိုပြီး အားပေးထားပါတယ်။


သမီးလေးထိုက်သူလင်း ပြောခဲ့တာတွေက စာမေးပွဲကျခဲ့တဲ့ သူငယ်ချင်းတွေအတွက်ရော၊ မောင်လေး ညီမလေးတွေအတွက်ရော သူကိုယ်တိုင် အခြေခံအဆင့်ကနေ အကောင်းဆုံးကြိုးစားခဲ့တာကို သာဓကထားပြီး ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကျူရှင်တွေ၊ ပုဂ္ဂလိကကျောင်းတွေ ခေတ်စားနေတဲ့အချိန်မှာ ကျူရှင်မတတ်နိုင်တဲ့အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းတက်မှ ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ တကယ်ကြိုးစားချင်စိတ် ရှိတဲ့သူအတွက်တော့ အမြင့်ဆုံး အောင်မြင်မှု ရရှိနိုင်ပါတယ်။


အခု မထိုက်သူလင်း The Whole Burma First အနေနဲ့ ထူးချွန်စွာ အောင်မြင်လာတဲ့အခါ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး တို့ကလည်း သမီးလေး မထိုက်သူလင်း တက်ချင်တဲ့ ပညာရေးတက္ကသိုလ် (၅)နှစ်တာ ဆက်လက်ပညာသင်ယူနိုင်ဖို့ ပညာသင်စရိတ် အားလုံးကို စီမံဆောင်ရွက်ပေးမယ်လို့ ပြောဆိုထားပါတယ်။


သမီးလေး မထိုက်သူလင်းရဲ့ ဘဝအခြေအနေနဲ့ The Whole Burma First ရသည်အထိ ကြိုးစားခဲ့မှုအပေါ် ကြားသိရသူအပေါင်းက ဂုဏ်ပြုကြတယ်။ ဆရာတော်တွေ သွားရောက်ဂုဏ်ပြုပေးခဲ့တာတွေကို မြင်တွေ့ခဲ့ရတယ်။ အလှူရှင် ဇနီးမောင်နှံ က သမီးလေးပညာဆက်လက်သင်ယူနိုင်စေဖို့ ပညာသင်စရိတ် သိန်း(၁၀၀) ထောက်ပံ့ပေးတဲ့အပြင် သမီးလေးရဲ့ နေအိမ်က ပုံမှာဖော်ပြထားတဲ့အတိုင်း ဓနိမိုး၊ ဓနိကာ အိမ်လေးပါပဲ။ ဒီအိမ်လေးကိုလည်း ပြုပြင်ဆောက်လုပ်ပေးဖို့ လုပ်ဆောင်နေတာကို မြင်တွေ့လာရတယ်။ နောက်ထပ် YMBA အသင်းကြီးကလည်း သွားရောက် ဂုဏ်ပြုသလို သမ္မတကြီး (ငြိမ်း) ဦးသိန်းစိန် တည်ထောင်ထားတဲ့ ရွှေပြည်တော်သို့ဆုံမှတ်အသင်း ကလည်း သွားရောက် ကူညီပံ့ပိုးပေးတာကို တွေ့မြင်ရပါတယ်။ အခု ဆောက်လက်စအိမ်မှာ လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ပေးဖို့ကိုလည်း EPC က လာရောက်ဆောင်ရွက်ပေးနေတာကို မြင်တွေ့ရပါတယ်။ ထူးချွန်သူအတွက် အဘက်ဘက် က ကူညီပံ့ပိုးပေးဖို့ အဆင်သင့် ရှိနေတယ်ဆိုတဲ့ ပြယုဂ်ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ သမီးလေး မထိုက်သူလင်း က The Whole Burma First ရအောင် ရည်ရွယ်ပြီး ကြိုးစားခဲ့တာလည်း မဟုတ်ဘူး။ သူသည် ကျောင်းသူတစ်ယောက်ဖြစ်တဲ့အတွက် အတန်းတိုင်းမှာ အကောင်းဆုံးနဲ့ အထူးချွန်ဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ တက္ကသိုလ်ဝင် စာမေးပွဲကြီးမှာလည်း သူမရဲ့ ကြိုးစားမှုက The Whole Burma First အဆင့်ထိ အောင်မြင်မှု ရသွားတယ်။ သူကတော့ သူလုပ်ရမယ့် တာဝန်ကို သူလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 


အစိုးရအဖွဲ့ထံက အကူအညီတွေရဖို့၊ စေတနာရှင်တွေဆီက ကူညီပံ့ပိုးမှုတွေ ရဖို့ ရည်မျှော်ပြီး သူကြိုးစားခဲ့တာ မဟုတ်ပါဘူး။ သို့သော် ထူးချွန်သူကို ပျိုးထောင်ပေးဖို့ရာ အစိုးရတာဝန်ရှိသူတွေ ကလည်းသိတယ်။ ထူးချွန်သူကို ကူညီပံ့ပိုးပေးချင်သူတွေကလည်း ကြည့်နေကြတယ် ဆိုတာ မထိုက်သူလင်း ကို ဂုဏ်ပြုပံ့ပိုးခဲ့ကြတဲ့ ပုံရိပ်တွေက သက်သေပဲ မဟုတ်လား။


မထိုက်သူလင်း ကို စံထားပြီး တက္ကသိုလ်ဝင်တန်းမှာ အလွဲလွဲအချော်ချော် ဖြစ်ခဲ့ကြတဲ့ ညီငယ်၊ ညီမငယ်တွေရော နောက်လာမယ့် ပညာသင်နှစ်တွေမှာ တက္ကသိုလ်ဝင်တန်းကို ဖြတ်ကျော်ကြမယ့် ညီငယ်၊ ညီမငယ်တွေ အားလုံးက ငါတို့ အလုပ်ကို ငါတို့ အကောင်းဆုံးလုပ်ကြမယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်ဆောင်ခြင်းက ရလာဒ်ကောင်း ရမှာ ဖြစ်သလို ဂုဏ်ပြုဖို့ စောင့်ကြည့်နေကြသူတွေကလည်း လက်မနှေးပါဘူး။ ဘာကိုမှ မမျှော်လင့်ဘဲ အကောင်းဆုံး ဖြစ်အောင် ကြိုးစားအားထုတ်ရမှာက ညီငယ်၊ ညီမငယ်တို့ရဲ့ တာဝန်ပါ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)