၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) ကဏ္ဍရန်ပုံငွေလွှဲပြောင်းသုံးစွဲသည့်ကိစ္စရပ်များတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီမှ အမှုတွဲ(၃၈၃)စောင်ကို စိစစ်ဆောင်ရွက်နိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) ကဏ္ဍရန်ပုံငွေလွှဲပြောင်းသုံးစွဲသည့်ကိစ္စရပ်များတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီမှ အမှုတွဲ(၃၈၃)စောင်ကို စိစစ်ဆောင်ရွက်နိုင်ခဲ့


MNP ၊ ဇွန် ၁၇

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိစက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးတွင် ကဏ္ဍ (၂) ရပ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုနှစ်ချုပ်အစီရင်ခံစာနှင့် “ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း” ညွှန်ကြားချက် (မူကြမ်း) တို့အပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး စက်ပစ္စည်းကဏ္ဍအတွက်နိုင်ငံတော်ဘဏ္ဍာငွေသုံးစွဲမှုကို စနစ်တကျစိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) ကဏ္ဍ ရန်ပုံငွေလွှဲပြောင်းသုံးစွဲသည့်ကိစ္စရပ်များတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီမှ အမှုတွဲ (၃၈၃) စောင်ကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းဆိုင်ရာ အမှုတွဲ (၄) စောင်ကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ စက်ပစ္စည်းဝယ်ယူခြင်းဆောင်ရွက်ရာတွင် ရန်ပုံငွေမလုံလောက်၍သော်လည်းကောင်း၊ မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စရပ်များကြောင့်သော်လည်းကောင်း၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲရာ၌ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် စက်ပစ္စည်းအသုံးစရိတ်မှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) ကို ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကော်မတီ၏မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း။

စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရသည့်အတွက် အစိုးရဌာနဆိုင်ရာများ၏ စက်ပစ္စည်းကဏ္ဍအတွက် ရန်ပုံငွေသုံးစွဲမှု၊ စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်းအသုံးပြုမှုများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် ကော်မတီ၏မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် စက်ပစ္စည်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှု နှစ်ချုပ်အစီရင်ခံစာကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက “ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) အတွက်ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်” (မူကြမ်း) အပေါ် ဝိုင်းဝန်းဆွေးနွေးကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။

ညနေပိုင်းတွင်ပြည်ထောင်စုဝန်ကြီးသည် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ ရုံးလုပ်ငန်းတာဝန်များ တာဝန်ယူဆောင်ရွက်နေသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန စက်မှုကွပ်ကဲဌာနခွဲမှဝန်ထမ်းများနှင့်တွေ့ဆုံပြီး အစိုးရဌာနများ၏ စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်းအသုံးပြုမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွက်ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏မူဝါဒ၊ လုပ်ငန်းတာဝန်များကို အောင်မြင်အောင်စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားကာ ဝန်ထမ်းများအားသစ်သီးခြင်းများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)