MNP ၊ ဇွန် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် လွပ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ကို ၁၉၉၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်မြင်သံကြား ထုတ်လွှင့်ရေးနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ အတွေ့အကြုံများရှိပြီးဖြစ် ကြောင်း၊ စတင်ထုတ်လွှင့်ချိန်၌ ခေတ်နှင့်အညီဆောင်ရွက်နိုင်ခဲ့သဖြင့် ပြည်သူများကို စိတ်ပါဝင်စားအောင်ဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ၃၃ နှစ်တာ ကာလအတွင်း အတွေ့အကြုံများ များစွာရရှိပြီးဖြစ်ကြောင်း။
ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း လုပ်ငန်းများသည် လူထုဆက်ဆံရေးလုပ်ငန်း တစ်ခုပင် ဖြစ်ကြောင်း၊ ထို့ကြောင့် အကျိုးရှိအောင်ဆောင်ရွက်ရန်နှင့် အကျိုးပြု သည့်လုပ်ငန်း တစ်ရပ်ဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့လုပ်ငန်း၏ အကျိုး၊ ပြည်သူလူထုနှင့် နိုင်ငံတော်အပေါ် အကျိုးပြုနိုင်မှုများကို သုံးသပ်ဆောင်ရွက်ရန် လိုကြောင်း။
မိမိတို့ထုတ်လွှင့်သည့် ရုပ်သံထုတ်လွှင့်မှုများကို နိုင်ငံအနှံနေရာအားလုံး၌ ဖမ်းယူ ကြည့်ရှုနိုင်ရန်လိုကြောင်း၊ ဒေသအလိုက် တပ်ရင်း၊ တပ်ဖွဲ့များ၊ ဒေသခံပြည်သူများ သာမက ရှေ့တန်းရောက် တပ်မတော်သားများ အနေဖြင့်လည်း အသံထုတ်လွှင့်မှု အစီအစဉ်များကို ဖမ်းယူရရှိနိုင်ရန်လိုကြောင်း၊ လိုအပ်သည့် သတင်းအချက်အလက် အမှန်များနှင့် သုတရသဖြစ်ဖွယ်၊ စိတ်ချမ်းမြေ့ဖွယ် အစီအစဉ်များကို ဖမ်းယူနားဆင် နိုင်ရမည်ဖြစ်ကြောင်း။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ရည်ရွယ် ချက်မှာ “ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်နှင့် စည်းရုံးရန်”ဖြစ် ကြောင်း၊ နည်းမှန်လမ်းမှန်ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်းနှင့် ပညာပေးခြင်းတို့ကို ဆောင်ရွက်မှုသည် စည်းရုံးရေးကို ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ ဖျော်ဖြေမှုများ ဆောင်ရွက်ရာတွင် အသံနှင့်အရုပ်နှစ်ခုလုံး ပါဝင်ကြောင်း၊ မိမိတို့ မသိရှိသေးသည့် အကြောင်းအရာနှင့် အသိပညာဗဟုသုတများကို ထုတ်လွှင့်ပေးခြင်းသည် ပညာပေး ခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မှန်မှန်ကန်ကန်ဖြင့် ထုတ်လွှင့်နိုင်ရန်နှင့် ကျေးလက် ဒေသများရှိ ပြည်သူများပါ နားလည်နိုင်သည့်လွယ်ကူ ရှင်းလင်းသည့် ထုတ်လွှင့်မှု များကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မိမိတို့ဌာန၏ လုပ်ငန်းရည်မှန်းချက်များ အောင်မြင်စေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း။
ထိုကဲ့သို့သော ပြည်သူလူထုသို့ ပြန်ကြားရေးတာဝန်များကို ထမ်းဆောင်နေကြ ရသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ နိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍လည်း မှန်မှန်ကန်ကန် သိရှိထားရန်လို ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊ ထိုသို့ တပ်မတော်မှ နိုင်ငံတော် တာဝန်ထမ်းဆောင်မှုအပေါ် နိုင်ငံရေးအရသဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ ရေး မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ မဲမသမာမှုများကို ဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ခဲ့မှုမရှိခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လွပ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအကြောင်းကို ဘက်စုံထောင့်စုံမှ အသေးစိတ်သိရှိပြီး ယုံကြည်ချက်၊ ခံယူချက် လေးနက်စွာ ခံယူမှုရှိရမည်၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုစိတ် ရှိရမည်၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်စဉ်များကို နှံ့စပ်စွာ သိရှိနားလည်ရမည်ဖြစ်ကြောင်း။
သတင်းများထုတ်လွှင့်ခြင်းနှင့် အစီအစဉ်များထုတ်လွှင့်ရာတွင် သွက်လက်ဖြတ်လတ်၍ နှစ်လိုဖွယ်ဖြစ်အောင် တည်းဖြတ်ခြင်းများကို စနစ်တကျဖြင့်ဆောင်ရွက်ရန် လိုကြောင်း၊ ထုတ်လွှင့်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် တည်းဖြတ်သူ၊ ကြီးကြပ်သူများအနေဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများအတွက် ပညာပေး အစီအစဉ်များထုတ်လွှင့်ရာတွင် ပြည်သူများ အမှန်တကယ်ပညာရရှိနိုင်သည့် ထုတ်လွှင့် မှုများ ဖြစ်ရန်လိုသဖြင့် ဂရုစိုက်ဆောင်ရွက်ရန်လိုကြောင်း။
လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိဘဝရပ်တည်မှုအတွက် ဆောင်ရွက်နေခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်း၊ စိတ်သန့်သန့်ဖြင့် ဆောင်ရွက်မှသာ မိမိကိုယ်ကို ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ မီဒီယာလုပ်ငန်းများ ဆောင်ရွက်နေသူများဖြစ်သဖြင့် စည်းလုံးမှုပိုမိုရရှိရန်လိုကြောင်း၊ မိမိတို့ လုပ်ဖော်ကိုင်ဖက်ညီအစ်ကိုမောင်နှမအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြ စေလိုကြောင်း၊ မတူညီသည့် ဒေသများမှ လာရောက်၍တာဝန်ထမ်းဆောင်ကြခြင်းဖြစ် သဖြင့် မိသားစုစိတ်ဓာတ်၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြမည် ဆိုပါက လုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်း။
လုပ်ငန်းအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များပြည့်ဝစေရေးအတွက် လည်း ဆောင်ရွက်ရန်လိုကြောင်း၊ လူသားအရင်းအမြစ်များ ပြည့်စုံစေရေးအတွက် အရင်းအမြစ်အသစ်များကို စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးခြင်းနှင့် ရှိပြီးသား လူသားအရင်းအမြစ်များကို ပိုမို၍ ကျွမ်းကျင်သူများဖြစ်လာအောင် ဆောင်ရွက်ခြင်း ဟူ၍ နှစ်ပိုင်းရှိရာ နှစ်ပိုင်းလုံးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ရုပ်မြင်သံကြား ထုတ်လွှင့်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများကိုလည်း ရှိပြီးဖြစ်သည့် စက်ပစ္စည်းများကို အကောင်းဆုံး အသုံးပြုရန်နှင့် ရေရှည်ကောင်းမွန်စေရေး ထိန်းသိမ်း ဆောင်ရွက်နေရန်လိုကြောင်း၊ ရှေးယခင်ကအသုံးပြုခဲ့သည့် စက်ပစ္စည်းများကိုလည်း ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း၊ သမိုင်းသည် မိမိတို့အတွက် တန်ဖိုးဖြတ်၍ မရနိုင်သဖြင့် အသုံးအဆောင်ပစ္စည်းများ၊ မှတ်တမ်းမှတ်ရာထိန်းသိမ်းခြင်းများကိုလည်း စနစ်တကျဖြင့်ဆောင်ရွက် နေရန်လိုကြောင်း၊ ယခုလက်ရှိတာဝန်ထမ်းဆောင် နေသူများသည် ပစ္စုပ္ပန်သမိုင်းကို ရေးထိုးနေကြသူများဖြစ်သဖြင့် လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့၏ ကောင်းမွန်သည့် သမိုင်းများ ကျန်ရှိမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment