နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်



ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွန်ဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈-၁၉ ရက်များတွင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ပြုလုပ်ခဲ့သည့် မြန်မာအရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏မိတ်ဆွေနိုင်ငံများက မြန်မာ့အရေးအပေါ် ဆွေးနွေးအကြံပြုနိုင်ရန် အလွတ်သဘော အစည်းအဝေးကျင်းပပြုလုပ်ခြင်းကို ကြိုဆိုကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုသတင်းမှန်များကို ပိတ်ဆို့ခံထားရပြီး တစ်ဖတ်သတ်သတင်းမှားများ ကမ္ဘာအနှံ့ပျံ့နှံ့နေကြောင်း၊ အထူးသဖြင့်အာဆီယံတူညီဆန္ဒ (၅) ချက်နှင့်ဆက်စပ်သုံးသပ်ကြသည်ကိုတွေ့ရပြီး မြန်မာအစိုးရ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ရည်မှန်းချက်တူညီသောကြောင့် မိမိတို့ဆောင်ရွက်ချက်များကို ထပ်မံအသိပေးလိုကြောင်း၊ အာဆီယံတူညီဆန္ဒ (၅)ချက်တွင် အဓိက (၃)ချက်ဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများရပ်စဲရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲများ စတင်နိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးနိုင်ရေးတို့နှင့်ပတ်သက်၍ အဓိကပြောကြားခဲ့ကြောင်း၊ ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် ဆောင်ရွက်သင့်သည်များအားလုံးကို မိမိတို့ဆောင်ရွက်ထားပါကြောင်း၊ စစ်အေးခေတ်ကာလအတွင်း မြန်မာနိုင်ငံသည် အခြားဒေသတွင်းနိုင်ငံများနည်းတူ ပြည်တွင်း သောင်းကျန်းမှုများ နိုင်ငံအနှံ့အပြား၌ ပေါ်ပေါက်ခဲ့ရာ ၁၉၇၄ ခုနှစ်တွင် အတွင်းပိုင်းဒေသ (၉၀) ရာခိုင်နှုန်းကျော်အား အေးချမ်းအောင်ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူများ နယ်စပ်ဒေသရွှေ့ပြောင်းခြေကုပ်ယူရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဝတ်မပျက်စေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ရသဖြင့် ချေမှုန်းခြင်းမပြုဘဲ ထိန်းချုပ်ထားခဲ့ရကြောင်း၊ စစ်အေးလွန်ကာလ ၁၉၉၀ ဝန်းကျင်တွင် နယ်စပ်ဒေသတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ်အခတ်ရပ်စဲရေး gentlemen agreement ရရှိခဲ့ရာ အခြေခံအားဖြင့် ရှိရင်းစွဲနယ်မြေတွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပြီး ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန်၊ နယ်မြေကျော်တိုက်ခိုက်ခြင်း မပြုရန်၊ အင်အားတိုးချဲ့ စုဆောင်းခြင်းမပြုရန် သဘောတူခဲ့ကြပြီး အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေသည်မှာ ယခု ဆိုလျှင် (၃၃) နှစ်ရှိပြီဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ် အပစ်အခတ်ရပ်စဲစဉ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး (၁၇) ဖွဲ့နှင့် အဖွဲ့ငယ် (၁၇) ဖွဲ့ ရှိသည့် နယ်စပ်ဒေသနိုင်ငံဧရိယာ၏ (၃) ရာခိုင်နှုန်းခန့်တွင် အထူးဒေသများအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ ၎င်းဒေသများဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ကြီးဌာနတစ်ခု သီးသန့်ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ရာ အချို့အဖွဲ့များက လက်နက်နှင့် ငြိမ်းချမ်းရေးအပြီးလဲလှယ်သွားကြ ပြီး အင်အားတစ်သောင်းကျော်မှာ Border Guard Forces –BGF/ ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်း၍ ၎င်းတို့ဒေသလုံခြုံတည်ငြိမ် ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရနှင့် လက်တွဲဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခုအခါ EAO (၁၈) ဖွဲ့ ကျန်ရှိပြီး ၎င်းတို့အနက် (၁၀) ဖွဲ့မှာ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ကျန် (၈) ဖွဲ့မှာ NCA လက်မှတ်ရေးထိုး ခြင်း မရှိသေးသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်ပါကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင် တွေ့ဆုံဆွေးနွေးမှု (၁၀၆) ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုအကြိမ် (၅၀၀၀) ကျော် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်ကိုဖက်ဒရယ် ပြည်ထောင်စုအဖြစ်ထူထောင်ရန် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရန် အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေအသုံးပြုရေးစသည့် အရေးကြီးကိစ္စရပ်များစွာကို ညှိနှိုင်းသဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တပ်မတော်ဘက်မှ အတိအကျလိုက်နာခဲ့ပြီး စတင်တိုက်ခိုက်ခြင်း လုံးဝမပြုခဲ့သလို သတ်မှတ်နယ်မြေကျော် လွန်တိုက်ခိုက်မှုလည်းမပြုပါကြောင်း ပြောကြားခဲ့ပါသည်။ EAO အချို့မှ သဘောတူညီချကဖောက်ဖျက်ပြီး အစိုးရထိန်းချုပ်နယ်မြေ အတွင်း ဝင်ရောက်တိုက်ခိုက်ခြင်း၊ သယံဇာတထွက်ရှိရာဒေသများသို့ ဝင်ရောက်ခြေကုပ်စခန်း တည်ဆောက်ခြင်း၊ ပြည်သူလူထုကိုအန္တရာယ် ပေးခြင်းကြောင့်သာ တန်ပြန်တိုက်ခိုက်ခဲ့ရပါကြောင်း၊ ထိုသို့တိုက်ခိုက် ရာတွင်လည်း အင်အားအလွန်အကျွံမသုံးဘဲ ဗီယင်နာကွန်ဗန်းရှင်းပါ Rules of Engagement-ROE ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရန် တပ်မတော်အရာရှိများအား လေ့ကျင့်သင်ကြားပေးထားပါကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ မြန်မာတို့သည် အသက်ကို အလွန်တန်ဖိုးထားပါကြောင်း၊ အစွန်းရောက်သူ အလွန်နည်းပါးပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်မှစ၍ (၇၅) နှစ်ကျော်လက်နက်ကိုင် တိုက်ခိုက်မှုများရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခကြောင့် အာဆီယံ (၁၀) နိုင်ငံ၏ သေဆုံးမှုနှင့် နှိုင်းယှဉ်လျှင် (၃) ရာခိုင်နှုန်းအောက်တွင်သာ ရှိပါကြောင်း၊ လွန်ခဲ့သည့် (၂) နှစ်ကျော် ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူ၍ EAO အချို့က ကိုဗစ်ကာလ စီးပွားရေး၊ လူမှုရေးအခက်အခဲကြောင့် စိတ်ထိခိုက်ခံစားလွယ်သော လူငယ်များအား PDF အဖြစ် သင်တန်းပေး လက်နက်တပ်ဆင်ပြီး နှစ်ပေါင်း ၅၀ နီးပါး အေးချမ်းနေသော ပြည်တွင်းဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ပေါ်ပေါက်အောင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တိုက်ခိုက်ရာတွင်လည်း တပ်မတော်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ soft target ဖြစ်သည့် လက်နက်မဲ့ပြည်သူများကို အနိုင်ကျင့် သတ်ဖြတ်နေခြင်းသာဖြစ်ကြောင်း၊ ဆန့်ကျင်ဘက်ပါတီဝင်များ၊ နိုင်ငံ့ဝန်ထမ်း၊ စစ်မှုထမ်းဟောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများသည် အာဆီယံတူညီဆန္ဒ (၅)ချက် ထုတ်ပြန်ပြီးမှ ပေါ်ပေါက်လာသည့် အဖွဲ့များဖြစ်ကြောင်း၊ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ပရောက် NUG အဖွဲ့သည် ပြည်တွင်းရှိ PDF များကို လက်နက်ခဲယမ်းငွေကြေးထောက်ပံ့ပြီး အကြမ်းဖက်လုပ်ငန်းများ စေခိုင်းနေကြောင်း၊ ကျောင်းများ၊ ဆေးရုံများ၊ ရုံးများပိတ်ရန် မလိုက်နာပါက သတ်ဖြတ်အရေးယူရန် NUG ဝန်ကြီးဆိုသူများက ညွှန်ကြားပြီး PDF များက ဘုန်းတော်ကြီး ၆၉ ပါး၊ ကျောင်းသားကလေးငယ် ၁၈၇ ဦး၊ ဆရာ ဆရာမ ၇၇ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ စစ်မှုထမ်းဟောင်းများ၊ ဆန့်ကျင်ဘက် ပါတီဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် နိုင်ငံ့ဝန်ထမ်း ၉၅၃ ဦးအားစသည့် လက်နက်မဲ့ပြည်သူများ ၅၈၄၆ ကျော်ကို ဥပဒေမဲ့သတ်ဖြတ်နေခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုကို အကာ အကွယ်ပေးရန် အစိုးရတွင်တာဝန်ရှိ၍ ဥပဒေနှင့်အညီ ပြန်လည်တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်သည် စနစ်တကျဖွဲ့စည်းထားပြီး အတွေ့အကြုံနှင့် စွမ်းရည်ပြည့်ဝသည့် တပ်မတော်ဖြစ်၍ သာမန်လက်နက်ကိုင်အဖွဲ့များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိပါကြောင်း၊ အင်အားသုံးချေမှုန်းမှုက မိမိတို့နိုင်ငံသားများသာ များစွာသေကျေဒဏ်ရာရကြမည်ဖြစ်၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြောင်း၊ ပြည်တွင်းရေးကိစ္စများကို ‌အေးချမ်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်လည်း ကြေညာထားကြောင်း၊ မုဒိမ်းမှုနှင့်လူသတ်မှုမှအပအခြားရာဇဝတ်မှု ကျူးလွန်ခြင်းများကိုပါ လွတ်ငြိမ်းခွင့်ပေးထားကြောင်း၊ ဥပဒေဘောင်အတွင်းဝင်ရောက်ပြီး နိုင်ငံရေးပါတီဖွဲ့စည်းခွင့်လည်းပြုထားကြောင်း၊ တိုက်ခိုက်မှုများ လျှော့ချရေး နှင့် အားလုံးပါဝင်ဆွေးနွေးခွင့်ရရှိရေးအတွက် လမ်းအားလုံးဖွင့်ပေးထားပြီးဖြစ်ကြောင်း၊ မုဒိမ်းမှုနှင့်လူသတ်မှုကို ကင်းလွတ်ခွင့်မပေးခြင်းမှာ ကျူးလွန်ခံရသူမိသားစုများ၏ ဆန္ဒကိုမျက်ကွယ်ပြုရန်မသင့်သော ကြောင့်ဖြစ်ကြောင်း၊ EAO များသည် အဓိကအားဖြင့် နယ်စပ်ဒေသများတွင်မူးယစ်ဆေးဝါး၊ လက်နက်နှင့်လူမှောင်ခိုမှုကဲ့သို့ တရားမဝင် လုပ်ငန်းများမှရရှိသည့် အကျိုးအမြတ်များကို မစွန့်လွှတ်လို ကြ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝမပါဝင်ကြကြောင်း၊ ရွေးကောက်ပွဲ (၃)ကြိမ်စလုံး မပါဝင်ခဲ့ကြကြောင်း၊ ဓာတုပစ္စည်းများကို အခြေခံ၍ မူးယစ်ဆေးထုတ်လုပ်ကြသည့်အတွက် မူးယစ်ဆေးဝါး နှိမ်နင်းရန် ပိုမိုခက်ခဲလာကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော် တရားမဝင် စီးပွားရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုလုပ်ငန်းများနှိမ်နင်းရေးကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ပါသည်။


လူသားချင်းစာနာမှုအကူအညီများ ကိစ္စနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံအစိုးရသည် AHA Center ၏ မြန်မာပြည်တွင်ဆောင်ရွက်သည့် လုပ်ငန်းများကို အပြည့်အဝပံ့ပိုးပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စများကိုလည်း ‌ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအနေနှင့် တစိုက် မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်မှ အဖွဲ့အစည်းအချို့၏ ခြိမ်းခြောက်မှုများကြောင့် နှောင့်နှေးမှုအချို့ရှိသော်လည်း မိမိတို့အနေနှင့် အားလုံး၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးသို့ အသိပေးပြောကြားခဲ့ပါသည်။


မြန်မာနိုင်ငံအနေနှင့် မီဒီယာအချို့မှ တစ်ဖက်သတ်ပုံဖျက်နိုင်ရန် သတင်းမှန်များကို ပိတ်ထားသည့်ကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်ရာ မြေပြင်အခြေအနေမှန်ကို ပိုမိုသိရှိနိုင်ရန် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လိုကြောင်း၊ အာဆီယံတွင်လည်း မြန်မာနိုင်ငံအနေနှင့်အဆင့်တိုင်းတွင် ပုံမှန်ဆက်သွယ် ဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံအရေးကိစ္စကို ကူညီပံ့ပိုးလိုသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြေပြင်အခြေအနေမှန်များကို မှန်ကန်စွာသိရှိသုံးသပ်နိုင်ပြီး ပိုမိုထိရောက်စွာ ကူညီနိုင်မည်ဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးခဲ့ပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းတွင် ဥပဒေနှင့် အညီ ဆောင်ရွက်လိုသည့် NLD ပါတီဝင်များစွာရှိပါကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုမှာလည်း ၂၉ ရာခိုင်နှုန်းကျော်ဖြစ်၍ မည်သည့် ဒီမိုကရေစီနိုင်ငံမှလက်ခံနိုင်သည့် အခြေအနေမဟုတ်ပါကြောင်း၊ စစ်ဆေးပြီးချိန်တွင် မီဒီယာများ၊ သံတမန်များကို ဖိတ်ခေါ်ရှင်းပြထား ပြီးဖြစ်ပါကြောင်း၊ ဥပဒေကြောင်းအရ ရင်မဆိုင်ဘဲ ပြည်ပထွက်ပြေးပြီး NUG ဖွဲ့၍ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေခြင်းသာဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် (၃၀) ကလည်း အလားတူ NCGUB ယှဉ်ပြိုင် အစိုးရအဖွဲ့ရှိခဲ့ကြောင်း၊ ဒီမိုကရေစီရရေး အကြောင်းပြပြီး နိုင်ငံတကာ အကူအညီများစွာ ရယူခဲ့သော်လည်း တကယ်တမ်းမြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရ(၂)ဆက်ကာလတွင် ၎င်းတို့ NLD အာဏာရစဉ်မှာပင် တစ်ယောက်မှပြန်မလာကြကြောင်း၊ ပြည်ပြေးအားလုံးလိုလို နိုင်ငံကြီး များတွင် ဒုက္ခသည်နိုင်ငံရေးခိုလှုံခွင့်အဆင့်မှ နိုင်ငံသားဖြစ်ရန် ကြိုးစားပြီး နိုင်ငံကြီးများတွင် ချမ်းသာစွာနေထိုင်နေကြပြီး နိုင်ငံနှင့်ပြည်သူကိုပြန်မကြည့်ကြကြောင်း၊ ယခုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးထားပြီး နိုင်ငံရေးပါတီဖွဲ့ခွင့်ပြုထားဆဲဖြစ်၍ နိုင်ငံနှင့် ပြည်သူ အကျိုးကြည့်လျှင် ဥပဒေဘောင်အတွင်းဝင်ရောက်ပြီး ငြိမ်းချမ်းစွာ နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်များ စွန့်လွှတ်သင့်ကြောင်း၊ မိမိတို့အစိုးရသည် ရွေးကောက်ပွဲပြီးက အနိုင်ရပါတီအား အာဏာလွှဲပေးချိန်၌ တာဝန်ယူဆောင်ရွက်ခဲ့သည့်ကာလအတွင်း အခြေအနေအရပ်ရပ်ကို လွှတ်တော်သို့တင်ပြရမည်ဖြစ်၍ ဥပဒေနှင့်အညီဆောင်ရွက်နေပြီး မှတ်တမ်းများ စနစ်တကျထားရှိပါကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုက်ခိုက်မှုအစား ဆွေးနွေးမှုနှင့်ဆောင်ရွက်နေသည်မှာ (၃၃) နှစ်ကျော် ရှိနေပြီဖြစ်ကြောင်း၊ ၎င်းကာလ အတွင်း EAO အများစုသည် အမြတ်အစွန်းအလွန်ကြီးမားသည့် မူးယစ်ဆေးဝါးလုပ်ငန်းကို မစွန့်လွှတ်နိုင်၍ အချိန်ဆွဲနေခြင်းသာဖြစ်ပြီး အစိုးရအဆက်ဆက်အနေဖြင့်သိရှိပြီး အပစ်အခတ်ရပ်စဲမှုကို မပျက်လို၍ စိတ်ရှည်ရှည်ထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ အိမ်နီးချင်းနိုင်ငံများနှင့်ပါပူးပေါင်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ၍ တိုက်ခိုက်မှုများ အတန်အသင့်လျော့ကျလာသလို ဥပဒေဘောင်အတွင်း ဝင်ရောက်မှုများလည်း ရှိလာနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝသယံဇာတကြွယ်ဝပြီး အိမ်နီးချင်း (၅) နိုင်ငံတွင်လူဦးရေသန်း ၃၁၀၀ ကျော်ရှိ၍ ကမ္ဘာ့အကြီးဆုံး ဈေးကွက်အလယ်တွင် ရှိသဖြင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများရှိသော်လည်း ပြင်ပစွက်ဖက်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများ နှစ်ပေါင်းများစွာအခက်အခဲကြုံတွေ့ရကြောင်း၊ မိမိတို့နိုင်ငံရေး ပထဝီဝင်အနေအထားအရ မည်သည့်အစိုးရတက်တက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို လက်ခံကျင့်သုံးခဲ့ပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို ကမ္ဘာ့မည်သည့်နိုင်ငံနှင့်မှလည်း တိုက်ရိုက်ပြဿနာတစ်စုံတစ်ရာမရှိခဲ့ကြောင်း သတင်းမှားများ ဖန်တီးပြီးဖျက်ဆီးရန် ကြိုးပမ်းမှုများကို အခြေအနေမှန်သိရှိသော မိမိတို့မိတ်ဆွေနိုင်ငံများ၏ အကြံဉာဏ်ကောင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။


အစည်းအဝေးတက်ရောက်လာကြသည့် မြန်မာ့မိတ်ဆွေနိုင်ငံများ မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးကို မစွက်ဖက်လိုကြောင်း၊ မြန်မာ့မိတ်ဆွေနိုင်ငံများအနေနှင့် မြန်မာပြည် ငြိမ်းချမ်းတည်ငြိမ်ရေး၊ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ မှတစ်ဆင့် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးကို ကူညီပံ့ပိုးရန်အသင့်ရှိကြကြောင်း၊ အာဆီယံအနုတ်ပုံစံ မဖြစ်စေလိုကြောင်း၊ မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်လာနိုင်ရန်မျှော်လင့်ကြောင်းစသည်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)