အနုပညာလုပ်ငန်းများကို ပြည်သူအတွက် ကျေပွန်စွာ ရိုးသားကြိုးစားစွာဆောင်ရွက် သွားကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနုပညာလုပ်ငန်းများကို ပြည်သူအတွက် ကျေပွန်စွာ ရိုးသားကြိုးစားစွာဆောင်ရွက် သွားကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား


MNP ၊ ဇွန် ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် ပါရမီလမ်းထောင့်ရှိ Forever Group Holding.,Ltd ၏ ဌာနခွဲဖြစ်သည့် Myanmar Media Development Center နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇) ရပ်ကွက်ရှိ CMB Films Myanmar Co.,Ltd တို့သို့ သွားရောက်ကြည့်ရှုခဲ့ပြီး New Talents Training အမှတ်စဉ် (၇) သင်တန်း ဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ အနုပညာလုပ်ငန်းများကို ပြည်သူအတွက် ကျေပွန်စွာ ရိုးသားကြိုးစားစွာဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသွားခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် Myanmar Media Development Center သို့ ရောက်ရှိပြီး ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရန် စက်တင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စတူဒီယိုအဆောက်အဦများ ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကိုကြည့်ရှုရာ Forever Group Holding.,Ltd မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြသည်။


ထို့နောက် CMB Films Myanmar Co.,Ltd သို့ ရောက်ရှိပြီး ရိုက်ကူးရေးလုပ်ငန်းတွင် အသုံးပြုသည့် စက်ကိရိယာ ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုလေ့လာသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် CMB Films Myanmar Co.,Ltd ရုံးစတူဒီယိုတွင် ကျင်းပပြုလုပ်သည့် New Talents Training အမှတ်စဉ် (၇) သင်တန်း ဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ CMB Films Myanmar Co.,Ltd ရုံးစတူဒီယိုတွင် နိုင်ငံတကာအဆင့်မီ အနုပညာဆိုင်ရာ စက်ကိရိယာပစ္စည်းများကို ယနေ့ကြည့်ရှုလေ့လာခဲ့ပါကြောင်း၊ အနုပညာသည် လူအများကို ဖမ်းစားနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး မိမိအနေဖြင့် အနုပညာ၏တန်ဖိုးကို လေးစားတန်ဖိုး ထားပါကြောင်း၊ အနုပညာရှင်တစ်ယောက်ဖြစ်ရန် မလွယ်ကူပါကြောင်း၊ မိမိအနေဖြင့် အနုပညာရှင်မဟုတ်သော်လည်း အနုပညာရှင်များ၏ သဘောသဘာဝကို နားလည်ပါကြောင်း၊ ရင်းနှီးခင်မင်သူ အနုပညာရှင်အများအပြားလည်း ရှိပါကြောင်း၊ ယနေ့သင်တန်းဆင်းပွဲတွင် နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများ အနေဖြင့် အနုပညာလမ်းကို လျှောက်လှမ်းကြမည်ဟု သိရသည့်အတွက် ဝမ်းသာကြည်နူး ဖြစ်ရပါကြောင်း၊ အနုပညာလုပ်ငန်းများကို ပြည်သူအတွက် ကျေပွန်စွာ ရိုးသားကြိုးစားစွာဆောင်ရွက် သွားကြစေလိုပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် အနာဂတ်အိပ်မက်များကို အကောင်အထည်ဖော်နိုင် ပါစေကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သရုပ်ဆောင်အသစ် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။


Forever Group Holding.,Ltd ၏ ဌာနခွဲဖြစ်သည့် Myanmar Media Development Center နှင့် CMB Films Myanmar Co.,Ltd တို့က သရုပ်ဆောင်အသစ်များကို မွေးထုတ်ပေးလျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် သင်တန်းသည် (၇)ကြိမ်မြောက်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၄ ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်း တက်ရောက်နေစဉ်အတွင်း သင်တန်းသား သင်တန်းသူများ၏ နေထိုင်စားသောက်စရိတ်များကို ကုမ္ပဏီက အခမဲ့ကျခံပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)