စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ နည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ နည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားတက်ရောက်




MNP ၊    ဇွန်   ၁၂

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓာတ် ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ် မျှတစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေးတို့အား ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နည်းပညာ တက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်း အနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် ဝန်ထမ်းများ၊ စစ်ကိုင်းနည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမူရေးအသင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့် အမျှ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ တိုးတက်လာသည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံကြီးများ၊ များပြားလာပြီး မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲခြင်းများလည်း တစ်နေ့တစ်ခြား များပြားလာပါ ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲအကျိုးဆက်များဖြစ်သည့် မြေထု၊ ရေထု၊ လေထုများ ညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးယိုယွန်းလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ပျက်စီးလာခြင်းတို့ကြောင့် သဲကန္တရဖြစ်ထွန်းခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်း၊ မီးတောင်များပေါက်ကွဲခြင်း၊ တောမီးများမကြာခဏ လောင်ကျွမ်းခြင်းစသည့် သဘာဘေးအန္တရာယ်များအား ရင်ဆိုင် ကြုံတွေ့ရလျက်ရှိပါကြောင်း၊ သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရဌာနများသာမက ပြည်သူများအားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်မှသာ အပြည့်အဝအောင်မြင်နိုင်မှာဖြစ်ပြီး သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော၊ သဘာဝထိန်းသိမ်းရေး နယ်မြေများအတွင်းရှိ သစ်တောသစ်ပင်များသာ အရေးကြီးသည်မဟုတ်ဘဲ ယခုနေရာကဲ့သို့သော သစ်တောနယ်မြေပြင်ပမှ သစ်ပင်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည့် အတွက် အထူးအလေးထား စိုက်ပျိုးထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် စစ်ကိုင်းနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်တို့က ဌာနဆိုင်ရာဝန်ထမ်း များနှင့် နည်းပညာတက္ကသိုလ် ဆရာ/ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများထံ တမာပျိုးပင်များအား အသီးသီးပေးအပ်ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တမာပျိုးပင်အား စိုက်ပျိုးပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက သက်မှတ်နေရာများတွင် တမာပျိုးပင် များအား တစ်ပျော်တစ်ပါးစိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုး ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။


အဆိုပါ စစ်ကိုင်းနည်းပညာတက္ကသိုလ် ကျောင်းဝန်းအတွင်း ကျင်းပသော ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့် အထက် ၂ နှစ်သား အရွယ်ရှိ တမာပျိုးပင် ၁၀၀၀ ပင် အား စိုက်ပျိုးခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကောင်းမှုတော် ရာဇာမဏိစူဌာ စေတီတော်မြတ်ကြီးနှင့် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးတို့မှ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စေတီတော်ကြီးများ ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေး၊ စေတီတော်ကြီးများ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နှိင်ရေးတို့အား မှာကြားပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စေတီတော် ကြီးများ သန့်ရှင်း သပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဘုရားဖူးလာရောက်မှု အခြေ အနေများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦး ပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်ရင်ပြင်တွင် တည်ဆောက်လျက်ရှိသည့် အလျား - ၁၄၉ ပေ၊ အနံ - ၆၃ ပေ၊ အမြင့် - ၅၄ ပေတိုးချဲ့ကာ၊ အလျား ၁၂၆ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၈ ပေရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီးတည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန် ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံ ရှင်းလင်းပြသကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်ရေး လုပ်ငန်း များ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သဘာဝ ဘေးအန္တရာယ် ခံနိုင်အောင် တည်ဆောက်ရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စေတီတော်ကြီးအား ဖူးမြော်နိုင်ရန် ကြည်ညှိဖွယ်ဖြစ်အောင် ဆောင်ရွက်ထားရေး၊ စေတီတော်ကြီး ပတ်ဝန်းကျင်အား အမြဲ  သန့်ရှင်းသပ်ရပ်စေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သက်မှတ်ကာလအချိန်မီပြီးစီး ရေးတို့အား မှာကြားခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)