Pages

Pages

ဧရာဝတီမြစ်ဆုံဒေသအားရှိရင်းစွဲ တောတောင်သဘာဝအလှများအပေါ် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ခြင်းဖြင့် ခရီးသွားပြည်သူများအား အဓိကဆွဲဆောင်ရာနေရာတစ်ခုအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး


MNP ၊    ဇွန်   ၂၉

မြန်မာပြည်မြောက်ဖျားပိုင်းမှ စတင်စီးဆင်းသည့် ဧရာဝတီမြစ်၏ ရှင်သန်ပေါက်ဖွားရာ မြစ်ဆုံဒေသအား ရှိရင်းစွဲ တောတောင်သဘာဝအလှများအပေါ် အခြေခံပြီး သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်လိုက်ခြင်းဖြင့် ခရီးသွားပြည်သူများအား အဓိကဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။


ဧရာဝတီမြစ်ဆုံဒေသအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် ရေခဲတောင်ဒေသအပါအဝင် တောတောင်ရေမြေသဘာဝများဖြင့် ပြည့်စုံကောင်းမွန်သည့် နေရာဒေသတစ်ခုဖြစ်ပါကြောင်း၊ အလားတူ ဧရာဝတီမြစ်အဖြစ် စတင်မြစ်ဖျားခံစီးဆင်းရာ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စတင်ရာ ဧရာဝတီမြစ်ဆုံဒေသအား နဂိုရှိရင်းစွဲ သဘာဝအလှတရားများအပေါ် သန့်ရှင်းသပ်ရပ်မှုကို ဦးစားဆောင်ရွက်ပြီး  ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ သဘာဝအတိုင်း ခရီးသွားများအား စွဲဆောင်ရာနေရာတစ်ခုအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မြစ်ဆုံဒေသအား မိမိတို့အားလုံးအပြင် လာရောက်လည်ပတ် သူခရီးသွားပြည်သူများအားလုံးက အလေးထားထိန်းသိမ်းဆောင်ရွက်သွားရမည့် နေရာဒေသ တစ်ခုဖြစ်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။  


ထို့နောက် ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတူးခေါင်နှင့် တာဝန်ရှိသူတို့က မြစ်ဆုံဒေသအား ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်/ ရည် မှန်းချက်များနှင့် မြစ်ဆုံအပန်းဖြေစခန်း လုပ်ငန်းအစီအမံများ၊ မြစ်ဆုံဒေသအဝင် မုဒ်ဦးအပါအဝင် ကနဦးဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက် ပေးရမည့် ကိစ္စရပ်များကို Power Point ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြ သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများအပေါ် သက်ဆိုင်ရာကဏ္ဍ အလိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လိုက်နာဆောင်ရွက်ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက သုံးသပ်ရှင်းလင်းဆွေး နွေးတင်ပြကြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ဆုံဒေသအား အားနည်းချက်အနည်းဆုံးဖြင့်  ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ မြေပြင်အခြေအနေအား ဌာနဆိုင်ရာပေါင်းစုံပါဝင်သည့် ကွင်းဆင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်တင်ပြနိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ် နှစ်(၆၀)ပြည့်နှစ် တတိယအကြိမ်မြောက် အာစရိယ ပူဇော်ပွဲကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ဟောင်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။


အစည်းအဝေးတွင် ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့တွင် မိမိမှစ၍ ပြည်နယ်ဝန်ကြီးများသည် မြစ်ကြီးနား တက္ကသိုလ်ထွက် ကျောင်းသား ဟောင်းများဖြစ်သည့်အတွက် မိမိတို့အား ပညာသင်ကြားပေးခဲ့ကြသော ဆရာ/ ဆရာမကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရ ဂါဝရပြုခွင့်၊ ကျေးဇူးဆပ်ခွင့်ရရှိမည်ဖြစ်သလို၊ မိမိတို့ကျောင်းသားဟောင်းများ အချင်းချင်းပြန်လည်တွေ့ဆုံခွင့်ရပြီး စည်းလုံးမှုကို ခိုင်မာစေမည်ဖြစ်သည့် နှစ်(၆၀) ပြည့်နှစ်အာစရိယပူဇော်ပွဲကို အကောင်းဆုံးကျင်းပနိုင်ရေး ယနေ့အစည်းအဝေးတွင် တိုင်ပင်ဆွေးနွေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ပထမအကြိမ်နှင့် ဒုတိယအကြိမ် အာစရိယပူဇော်ပွဲများကို အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့သည့် အခြေအနေများနှင့် တတိယအကြိမ်အဖြစ် နှစ်(၆၀)ပြည့်နှစ် တတိယအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရန် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကျောင်းသားဟောင်းများနှင့် ဆရာ၊ဆရာမများက နှစ်(၆၀)ပြည့်နှစ် တတိယအကြိမ် အာစရိယပူဇော်ပွဲ ပွဲဖြစ်မြောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွဲဖြစ်မြောက်ရေး ကော်မတီအတွက် ကနဦးမတည်ငွေ ငွေကျပ်သိန်း (၂၀)နှင့် ကျောင်းသား‌‌ဟောင်းအားလုံး စုံလင်စွာပါဝင်နိုင်ရေး၊ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment