Pages

Pages

စံချိန်ပြည့်ဝပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိသော ဝါသီးနှံမျိုးသစ် အသုံးပြုနိုင်ရေးကြိုးပမ်း



MNP ၊ ဇွန် ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇွန်၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံများဖြစ်သော ဝမ်းတွင်းမြို့နယ် ရွှေတောင်ခြံနှင့် ကျောက်ဆည်မြို့နယ် လွန်ကျော်ခြံများတွင် ဆောင်ရွက်လျက်ရှိသည့် ဥဇဘက်ကစ္စတန် ဝါမျိုးရှစ်မျိုးကို စမ်းသပ်စိုက်ပျိုးလေ့လာမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာ တာဝန်ရှိသူများက စမ်းသပ်ကွက်များ အလိုက် စိုက်ပျိုးထားရှိမှုများကို ရှင်းလင်း တင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါမျိုးသစ်များစမ်းသပ်စိုက်ပျိုးရာတွင် မြေစတင်ပြုပြင်သည်မှ ဝါခူးဆွတ်သည်အထိ နေ့အလိုက်၊ အပတ် လိုက်၊ လအလိုက် ဆောင်ရွက်မှုတွေ့ရှိချက်များကို မှတ်တမ်းစဉ်ဆက်ထားရှိပြီး လုပ်ငန်းပြီး မြောက်ချိန်တွင် အားသာချက်၊ အားနည်းချက်များအရ ဒေသတွင်း တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် မျိုးများအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လက်ရှိစမ်းသပ် နေသော ဝါမျိုးရှစ်မျိုးရှိပြီး အပင် ဖြစ်ထွန်းမှုအရ ဝါမျိုးခြောက်မျိုးမှာ အလားအလာရှိသော်လည်း ရောဂါခံနိုင်ရည်ပိုင်းတွင် အားနည်းချက်များ ရှိနေသည့်အတွက် အထူးဂရုပြုရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့်အတူ ပုသိမ်ကြီးမြို့နယ်ရှိ ရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်းကျောင်း (PHTTC)၏ တောင်သူနည်းပညာပေးသင်တန်းနှင့်ဌာနတွင်း နိုင်ငံဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်သင် တန်းလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများနှင့် သင်တန်း ခန်းမတွင် တွေ့ဆုံ၍ မိမိတို့ကျွမ်းကျင် တတ်မြောက်ထားသော ပညာရပ်ကို အခြေခံ၍ တာဝန်ထမ်းဆောင် နေကြသော်လည်း လုပ်ငန်းခွင်နှင့်ဆက်စပ်သည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် ကြိုးပမ်းလေ့လာ သွားကြရန် ဆွေးနွေးမှာကြားသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင် ကော်ဖီဥယျာဉ်သို့ ရောက်ရှိပြီး ကော်ဖီဥယျာဉ်အတွင်း အများပြည်သူများ ကော်ဖီနှင့်ပတ်သက်၍ လာရောက်လေ့လာနိုင်ကြရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment