မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း စုစုပေါင်း ၁၅၃၈ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ပြုပြင်ဆောင်ရွက်ပြီး ၃၇၅ ကျောင်းရှိ၊ အခြေခံပညာကျောင်းများကို ဦးစားပေးအဆင့်သတ်မှတ်၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း စုစုပေါင်း ၁၅၃၈ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ပြုပြင်ဆောင်ရွက်ပြီး ၃၇၅ ကျောင်းရှိ၊ အခြေခံပညာကျောင်းများကို ဦးစားပေးအဆင့်သတ်မှတ်၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်







MNP ၊ ဇွန် ၁၂

စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယမန်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမသို့ရောက်ရှိကြပြီး ခန်းမအမိုးမိုးခြင်းလုပ်ငန်းပြီးစီးမှု၊ မျက်နှာကြက်၊ ပြတင်းတံခါးများ၊ ရေ၊ မီးပြုပြင်ခြင်းလုပ်ငန်းနှင့် ခန်းမအတွင်းပိုင်းဒီဇိုင်းများ ပြင်ဆင်ဆောင်ရွက် သွားမည့်အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။


ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး စာသင်တိုက်ပဓာနနာယက ဆရာတော်မဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယအား ဖူးမြော်ကြည်ညို၍ ပရိယတ္တိစာပေသင်ကြားပို့ချနေမှု၊ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွမ်းမံ ပြီးစီးမှု၊ ဆရာတော်သံဃာတော်များ သီတင်းသုံးမှု အခြေအနေနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားကာ နေ့ဆွမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းသည်။


ယင်းနောက် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်ရှိ ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ရောက်ရှိကြပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။


ထို့နောက် ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တခေမာဝံသအား ဖူးမြော်ကြည်ညိုပြီး ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားမှုအခြေအနေ၊ စာသင်ဆောင်များ အခြေအနေနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထား၍ နေ့ဆွမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတွင် တက်ရောက်ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများကို စားသောက်ဖွယ်ရာများ ဝေငှပေးပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ရန် လျာထားသည့်မြေနေရာကို ကြည့်ရှုသည်။


အဆိုပါ ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် KG အတန်းမှ Gread-8 အတန်းအထိ ကျောင်းသား ကျောင်းသူစုစုပေါင်း ၈၃၂ ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရှိရသည်။


ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့်အဖွဲ့သည် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဆရီဆရီမိုဟာဒေဗ့်ဘာရီ (မဟာသီဝ)ဟိန္ဒူဘုရားရှိခိုးကျောင်းသို့ ရောက်ရှိကြပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်း ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှု၍ လိုအပ်သည့် သွပ်နှင့်သစ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ (မဟာသီဝ) ဟိန္ဒူဘုရားရှိခိုးကျောင်း တာဝန်ရှိသူထံ စားသောက်ဖွယ်ရာများ လှူဒါန်းသည်။


ယင်းနောက် စစ်တွေမြို့ မေယုလမ်းနှင့် ချင်းပျံလမ်းထောင့်ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းသို့သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်းပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကိုကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းထိုင်ဘုန်းတော်ကြီးအား စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့သည်။


ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများကို ဦးစားပေးအဆင့်သတ်မှတ်၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း စုစုပေါင်း ၁၅၃၈ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ပြုပြင်ဆောင်ရွက်ပြီး ၃၇၅ ကျောင်း၊ ပြုပြင်ဆောင်ရွက်ဆဲကျောင်း ၉၉၀ နှင့် ပြုပြင်ဆောင်ရွက်ရန်ကျန် ၁၇၃ ကျောင်းရှိကြောင်း သိရသည်။


ပညာသင်ကြားမှုအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ဇွန် ၁၀ ရက်အထိ လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသားဦးရေ စုစုပေါင်း ၄၇၅၃၆၀ ရှိကြောင်းနှင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)