ဗိုလ်တထောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲကျင်းပ







MNP ၊    ဇွန်   ၂၁

“ မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြ ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏ အနာဂတ် တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်း အမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုတို့ ပူးပေါင်းစီစဉ်ကျင်းပ သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းတည့်အချိန်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသန့်က “ မိမိတို့နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရေးအတွက် နိုင်ငံ တစ်ဝှမ်းလုံးရှိ ပြည်သူတစ်ရပ်လုံးက အမျိုးသားရေး တာဝန်ကြီးတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရန် အလွန်ပင်အရေးကြီးပါကြောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို တဖြည်းဖြည်းချင်း ဝါးမျိုပြီး လူငယ်များ၏ အနာဂတ်ကို တဖြည်းဖြည်းချင်း နင်းချေပစ်နေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို အားလုံးစုပေါင်းပြီး နှိမ်နင်းကြရန်လည်း အထူး လိုအပ်ပါကြောင်း၊ လောကတွင် အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် ဒွန်တွဲနေတတ်သော သဘောရှိသည့် အားလျော်စွာ လူငယ်များဘဝ တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ ထွန်းကားလာသလို အမှောင်ထု ချောက်ကမ်းပါး ထဲ ဆွဲချမည့် မူးယစ်ဆေးဝါးများသည်လည်း နည်းပညာများနှင့်အတူ ပိုမိုများပြားဆန်းကြယ်စွာ လူငယ်ထုလက်ထဲသို့ ရောက်ရှိနေသည်ကို တွေ့မြင်ကြားသိနေရပါကြောင်း၊ ထိုသို့သော ဆွဲဆောင်မှုအမျိုးမျိုးဖြင့် လူငယ်ထုတစ်ရပ်လုံးကို လမ်းမှားရောက်စေမည့် မူးယစ်ဆေးဝါး၏အန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ်တိုက်ဖျက်ရန်မှာ နိုင်ငံသားအားလုံး၏ အဓိက တာဝန်ပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတော်၏ အနာဂတ် လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် သာယာလှပ အောင် လူငယ်များ၏ စွမ်းပကားကို တိုးမြှင့်ပေးကြရမှာဖြစ်ပါကြောင်း၊ လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးရန် ဟုဆိုလျှင် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ပေးရုံဖြင့် မလုံလောက်ဘဲ လူ့အဖွဲ့အစည်းအသီးသီး၊ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူ အသီးသီးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် လူငယ် များကို အသက်အန္တရာယ် ဆုံးရှုံးစေသည်အထိ အဓိကခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါးပင်ဖြစ်သည့်အတွက် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးကို လက်တည့်စမ်း မသုံးစွဲမိစေရန် အထူးပင်တိုက်တွန်းမှာကြားလိုပါကြောင်း” စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က လူငယ်ထုအတွင်း နည်းလမ်းအမျိုးမျိုးဖြင့် ပြန့်နှံ့နေသည့် အပျော့စား မူးယစ်ဆေးဝါးအကြောင်းနှင့် ပတ်သက်၍ လည်းကောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်ပြီး ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်းနှင့် ပတ်သက်၍ လည်းကောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ် ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက “ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ” ခေါင်းစဉ်ဖြင့် အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသားလေး များက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားလေးများက ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

အခမ်းအနားသို့ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း (မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသားလေးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)