ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ




MNP ၊ ဇွန် ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဟားခါးမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ချင်းပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ကြသည်။


ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တာဝန်ရှိ သူများက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ထို့ပြင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ် သည်။


အလားတူ ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ  ကျောက်ဖြူ မြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီး ကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး သံဃာတော်များအား စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းကာ ဆိုင်ကလုန်း ရှယ်တာ(Cyclone Shelter)များကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။ ယင်းနောက် မုန်းတိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားသည်။


ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီး တောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မုန်တိုင်း ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်များအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည် များ ဆွေးနွေးမှာကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့ရှိ အခြေခံပညာကျောင်းများ၌  ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားနေမှုများနှင့် စာသင်ဆောင်များအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ ချင်းပြည်နယ်၊ မတူပီမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ခင်မောင်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ‌မတူပီမြို့ရှိ လေဘေးသင့် ပြည်သူများအတွက် ၈ ပေသွပ် ၇၅၀ ချပ်ကို လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ပေးအပ်ပြီး ဘာသာရေးကျောင်းများနှင့် တောင်တန်းသာသနာပြု ဘုန်းတော်ကြီး ကျောင်းများအား အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။


ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည် ယမန်နေ့တွင် တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့် ပြည်သူ များအတွက်  စားသောက်ဖွယ်ရာများ၊ အဝတ် အထည်များ၊ သွပ်၊ သံ၊ မိုးကာစ များနှင့် ဆောက်လုပ်ရေးပစ္စည်းများကိုသွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)