စားရေရိက္ခာများ ဖြန့်ဖြူးရာတွင် အမှန်တကယ်လိုအပ်ချက်ရှိသော နေရာဒေသများရှိ ဘေးဒဏ်သင့်ပြည်သူများထံသို့ ဦးစားပေးအစီအစဉ်ဖြင့် စနစ်တကျဖြန့်ခွဲနိုင်ရေး စီမံဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စားရေရိက္ခာများ ဖြန့်ဖြူးရာတွင် အမှန်တကယ်လိုအပ်ချက်ရှိသော နေရာဒေသများရှိ ဘေးဒဏ်သင့်ပြည်သူများထံသို့ ဦးစားပေးအစီအစဉ်ဖြင့် စနစ်တကျဖြန့်ခွဲနိုင်ရေး စီမံဆောင်ရွက်






MNP ၊ ဇွန် ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ချနေမှုနှင့် နည်းပညာတက္ကသိုလ် (စစ်တွေ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရောက်ရှိပြီး ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် ဝိရူပက္ခနှင့် MV ROYAL VENUS သင်္ဘောဆိုက်ရောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးနိုင်ရေး စနစ်တကျစီမံဆောင်ရွက်သွားကြရန်မှာကြားသည်။


ထို့နောက် နည်းပညာတက္ကသိုလ်(စစ်တွေ)သို့ သွားရောက်ရာ စစ်တွေမြို့ဗန္ဓုလအဝိုင်းမှ နည်းပညာတက္ကသိုလ်(စစ်တွေ)အထိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။


ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(စစ်တွေ) သို့ရောက် ရှိရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက စာသင်ဆောင်များ ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နည်းပညာတက္ကသိုလ် (စစ်တွေ)ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်အဆောက်အဦများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုမရှိအောင် ရွှေ့ပြောင်းထားရှိသည့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားများ လက်တွေ့သင်ကြားပို့ချချိန်တွင် အသင့်ဖြစ်စေရေး စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် စက်ပစ္စည်းများ ကောင်းမွန်စေရေးအတွက် ပုံမှန်စစ်ဆေးထားရှိရေး လမ်းညွှန်မှာကြားသည်။


ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မဟာအောင်မြေ ဗောဓိသာသနာ့ရိပ်သာ အလိုတော် ပြည့်ကျောင်းသို့ရောက်ရှိပြီး အလိုတော်ပြည့် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇော တိကဓဇ၊ ပရိယတ္တိသာသနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာအရိယဝံသအား ဖူးမြော်ကြည်ညို ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။


မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများက ထောက်ပံ့ရေးပစ္စည်းများထပ်မံ ရောက်ရှိမှု၊ ဖြန့်ခွဲသွားမည့်အခြေအနေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု ကင်းစင်ပပျောက်ရေးစနစ်တကျ စီမံဆောင်ရွက်သွားရန်၊ စားရေရိက္ခာများ ဖြန့်ဖြူးရာတွင် အမှန်တကယ် လိုအပ်ချက်ရှိသော နေရာဒေသများရှိ ဘေးဒဏ်သင့် ပြည်သူများထံသို့ ဦးစားပေးအစီအစဉ်ဖြင့် စနစ်တကျ ဖြန့်ခွဲနိုင်ရေး စီမံဆောင်ရွက်ရန်၊ ထောက်ပံ့ရေးပစ္စည်းများ အတင်အချနှင့်ပို့ဆောင်ဖြန့်ခွဲရာတွင် အချိန်ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်သွားရန်၊ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ရေးနှင့်လုပ်ငန်းများ လျင်လျင်မြန်မြန် ပြီးစီးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

#စစ်တွေ #ကူညီကယ်ဆယ်ရေး

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)