ကွန်ပျူတာတက္ကသိုလ်(မကွေး)၌ (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ်(မကွေး)၌ (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ






MNP ၊    ဇွန်   ၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ် (မကွေး)၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ပုဂ္ဂ္ဂိုလ်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။


ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ခေတ် ပညာရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေပြီဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကို အားပေးဆောင်ရွက်နေသကဲ့သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအနေဖြင့်လည်း နိုင်ငံတော်၏ လူမှုစီးပွားရေးကို အထောက်အကူပြုရန်အတွက် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များ၊ အင်ဂျင်နီယာအတတ်ပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတာတွေ့ရပါကြောင်း၊ ယနေ့ချီးမြှင့်လိုက်သော ဘွဲ့ဒီဂရီအသီးသီးသည် မောင်မယ်တို့ကို ကွန်ပျူတာပညာရှင်များအဖြစ် စတင်အမှတ်သညာ ပြုလိုက်ခြင်းသာဖြစ်ပြီး၊ မောင်မယ်တို့အနေဖြင့် ရရှိထားပြီးဖြစ်သော ဘာသာရပ်ဆိုင်ရာ အခြေခံကောင်းများအပေါ်မူတည်ပြီး အလုပ်ခွင်တွင် လက်တွေ့အသုံချနိုင်အောင် ဆက်လက်ကြိုးစားသွားကြရန်နှင့် ရရှိထားပြီးသော ပညာမျှနှင့်ပင် တင်းတိမ်မနေဘဲ ပညာကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရန် မှာကြားလိုကြောင်း၊ ကွန်ပျူတာပညာရှင်ဆိုသည်မှာ ယနေ့ခေတ်ကဲ့သို့ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသော ကမ္ဘာကြီးတွင် နေရာဒေသတိုင်း၊ ကဏ္ဍတိုင်း၊ နိုင်ငံတိုင်းအတွက် မဖြစ်မနေလိုအပ်သောသူတွေဖြစ်သကဲ့သို့၊ ကဏ္ဍတိုင်းသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနှင့် ချိတ်ဆက် ဆောင်ရွက်နေကြရတာဖြစ်ပါကြောင်း၊ ဘွဲ့ယူမောင်တို့ မယ်တို့အနေဖြင့် ဘွဲ့ဒီဂရီအသီးသီးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသကဲ့သို့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် မိမိတို့တတ်စွမ်းသည့်ဘက်မှ အစွမ်းကုန်ဖြည့်ဆည်းပေးကြရန် မှာကြားလိုကြောင်းနှင့် ဘွဲ့ယူမောင်မယ်အပေါင်းတို့၏ ဘဝခရီးတစ်လျှောက်တွင် အောင်မြင်မှုများစွာဖြင့် တွေ့ကြုံရပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းသော လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။


ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင် အမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များက ဘွဲ့အပ်နှင်းမည့် စင်မြင့်ထက်တွင် နေရာယူကာ လိုအပ်သည့် ကတိခံဝန်ချက်များရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ကွန်ပျူတာတက္ကသိုလ် (မကွေး) ဒုတိယပါမောက္ခချုပ်က တက်ရောက်ဘွဲ့ယူသူ (၃၉)ဦးတို့အား သက်ဆိုင်ရာဘွဲ့များ အပ်နှင်းပေးအပ်ကာ၊ အဝေးရောက်ဘွဲ့ယူသူ (၃၉)ဦးတို့အား ဘွဲ့ရမှတ်ပုံတင်စာအုပ်တွင် ဘွဲ့ရရှိသူစာရင်းကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ပြီး၊ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားခဲ့သည်။


ကွန်ပျူတာတက္ကသိုလ်(မကွေး)အနေဖြင့် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်တည် ထောင်ခဲ့သည့် ၂၀၀၀ ခုနှစ်မှ စတင်၍ ၂၀၂၂ ခုနှစ်အထိ ကွန်ပျူတာဒီပလိုမာနှင့် ဘွဲ့ရစုစုပေါင်း (၂၉၆၆)ဦး မွေးထုတ်ပေးခဲ့ပြီး၊ ယနေ့အခမ်းအနားတွင် တက်ရောက်(၃၉)ဦးနှင့် အဝေးရောက် (၃၉)ဦး စုစုပေါင်း(၇၈)ဦးအား မဟာကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ မဟာကွန်ပျူတာသိပ္ပံဘွဲ့ (၄)ဦး ပါဝင်ကာ ချီးမြှင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)