Pages

Pages

ကျွန်းစုမြို့တွင် ကျေးလက်နေပြည်သူများ လျှပ်စစ်မီး ရရှိရေးနှင့် သောက်သုံးရေရရှိရေးအတွက် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ





MNP ၊    ဇွန်   ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်နေပြည်သူများ လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေရရှိရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မအိုင်ကျေးရွာအုပ်စု၊ လင်မလိုကျေးရွာ၌ တာဝန်ရှိသူများက ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းဝေယံဦး က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် (၂၄)နာရီလျှပ်စစ်မီးရရှိရေးအတွက် ဒီဇယ်စက်အင်ဂျင်ဖြင့် လျှပ်စစ်မီး ပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အငယ်တန်း အင်ဂျင်နီယာ-၃ (မြို့ပြ) ဦးမင်းမင်းလတ် က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ၌ ပေ (၁၀၀) ပတ်လည်၊ အမြင့်(၆)ပေရှိသော မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းအား လျာထားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းအား တာဝန်ရှိသူများထံ တင်ပြနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ကျေးရွာရှိ စာရိတ္တမဏ္ဍိုင်စာကြည့် တိုက် ရှင်သန်ရေး လုပ်ငန်းစဉ်များနှင့် ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံများက သက်ဆိုင်ရာ ကဏ္ဍအလိုက် သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။


“ကျေးရွာမှာ လက်တူး ရေတွင်း (၂)တွင်း နဲ့ အဝီစိတွင်း(၂)တွင်း ရှိတယ်။ ရေကနည်းနည်းပဲ့ထွက်တော့ ဒီရွာအတွက် မလောက်ပါပူး၊ လိုအပ်တဲ့ရေကို အနီးနားက ရွာတွေဆီကနေ ဝယ်ရတယ်၊ ချိုးရေ၊ သုံးရေ၊ သောက်ရေ တစ်ကြိမ်ဖြည့်ရင် (၁၅၀၀၀)ကျပ်လောက် ကုန်တယ်၊ သောက်ရေသန့် (၂၀)လီတာ တစ်ဗူး အိမ်အရောက်ဆိုရင် (၁၈၀၀)ကနေ (၂၀၀၀)ကျပ် နဲ့ ဝယ်ယူရင်တောင် လိုသလောက်မရပူး၊ သောက်သုံးရေ အခက်အခဲဖြစ်လာရင် ကလေးတွေက ဝမ်းလျောဝမ်းပျက်ရောဂါဖြစ်တာများတယ်” လို့ ကျေးရွာဒေသခံ တစ်ဦးက ပြောသည်။


အဆိုပါကျေးရွာတွင် အိမ်ခြေ(၁၅၀)ကျော်ခန့်ရှိပြီး လူဦးရေ(၁၀၀၀)ကျော်ခန့်ရှိရာ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် ကျေး/လက်ဦးစီးဌာနက ပသုတ်ကျွန်းကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း၊ ရေပြည့်အော်ကျေးရွာနှင့် မစမ်းပါးကျေးရွာတို့၌ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထားမည်ဖြစ်ကြောင်း မြို့နယ်ကျေး/လက် ဦးစီးဌာနမှ သိရသည်။


ထို့နောက် ကျေးရွာအတွင်း မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းအတွင်း လိုအပ်လျက်ရှိသော မြေနေရာနှင့် ဒီဇယ်စက်အင်ဂျင်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ အလားတူတွေ့ဆုံပွဲကို မအိုင်ကျေးရွာ အုပ်စု၊ မအိုင်ကျေးရွာ၌ မွန်းလွဲ(၂)နာရီအချိန်၌ ထပ်မံပြုလုပ်ခဲ့ကြောင်းသိရသည်။


ထက်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment