ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်မော်တော်ယာဉ်လိုင်းပေါင်းစုံ အသင်းတွေ့ဆုံ၊ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၃) အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်မော်တော်ယာဉ်လိုင်းပေါင်းစုံ အသင်းတွေ့ဆုံ၊ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၃) အစည်းအဝေးကျင်းပ






MNP ၊    ဇွန်   ၂၁

ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်မော်တော်ယာဉ် လိုင်းပေါင်းစုံ အသင်းတို့တွေ့ဆုံသည့် အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်နှင့်နိုင်ငံအနှံ ဆက်သွယ်သွားလာရာတွင် အချိန်တိုအတွင်း လျှင်မြန်ချောမွေ့စွာ ကူးလူးဆက်ဆံ သွားလာနိုင်ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှုကြောင့် ကုန်ဈေးနှုန်းအပေါ်သက်ရောက်မှုရှိပြီး မတရားအခကြေးငွေ (တန်ဆာခ) တောင်းခံခြင်း မပြုလုပ်ကြရန်၊ လိုင်စင်မဲ့ယာဉ်များ၊  တရားမဝင် လူ၊ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုကြရန်နှင့် တရားမဝင် ကုန်စည်စီးဆင်းမှုကြောင့် တိုင်းပြည်၏စီးပွားရေး ထိခိုက်နှစ်နာမှုများဖြစ်ပေါ်စေနိုင်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် တက်ရောက်လာသော မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းမှ ယာဉ်လိုင်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က တရားမဝင်ယာဉ်လိုင်းနှင့် ကုန်ပစ္စည်းများအား ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ပြည်နယ်အခြေစိုက်မော်တော်ယာဉ်လိုင်းများနှင့် ရပ်ဝေးမှ လာရောက်ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကြုံတွေ့နေရသည့် အခြေအနေများ၊  ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်က ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ပို့ဆောင်ရေးစီမံ ကိန်းဦးစီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့က ပြည်နယ်အတွင်း ပြေးဆွဲနေသော ပို့ဆောင်ရေးယာဉ်အသင်းများ၊ ယာဉ်အသင်းများ လိုက်နာရမည့်စည်းကမ်းချက်များ၊ ပညာပေး၊ စစ်ဆေး၊ အရေးယူဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းဥက္ကဋ္ဌနှင့် တက်ရောက်လာသော မော်တော်ယာဉ် အသင်းများမှတာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။


အလားတူ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၆/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသအတွင်း ခရီးသွားလုပ်ငန်း ဆိုင်ရာများအား အရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သည်များကို ညှိနှိုင်းအကောင်အထည် ဖော်ခဲ့ကြရာတွင် အောင်မြင်မှုများရရှိခဲ့ကြောင်း၊ နယ်မြေအခြေအနေအရ ခရီးသွားလုပ်ငန်းတွင် အကန့်အသတ်ရှိနေသေးပြီး တည်ငြိမ်အေးချမ်းသွားပါက ပို၍ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်အချို့ ကိုဗစ်ချေးငွေအား ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသေးသည့်အတွက် တွန်အားပေးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအသင်းသားအဖြစ် လျှောက်ထားနိုင်ရေးနှင့် အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့် ကိစ္စရပ်များကို အကြံပြုဆွေးနွေးပေးကြရန် ပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊  ကော်မတီ၏လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် (၆/၂၀၂၃) အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့် ကိစ္စရပ်များအား Power Point အသုံးပြု ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက စွန့်ပစ်ပစ္စည်းမှစွမ်းအင် ထုတ်လုပ်အသုံးပြုနိုင်ရေးဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အကြံပြု ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံချုပ်အမှာစကား ပြောကြားခဲ့ကြောင်းနှင့် အစည်းအဝေးအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်က Enchanting Myanmar Protocol အစီအစဉ်အရ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ကိုဗစ်-၁၉ Save Service တံဆိပ်များစနစ်တကျပေးအပ်နိုင်ရေး National Level အဆင့် အသိအမှတ်ပြုတံဆိပ်အတွက် Online မှ လျှောက်ထားရရှိခဲ့သော ဟိုတယ်(၂)လုံးအား အသိအမှတ်ပြုတံဆိပ် များပေးအပ်ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)