Pages

Pages

ဆရာတော်ဦးဝါသ အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး အရှိန်အဟုန်မြင့် လုပ်ဆောင်လျက်ရှိ








MNP ၊ ဇွန် ၂၈

ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်မှ ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) အနေဖြင့် KIA/PDF အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေး၊ ရွာသူရွာသားများ ညီညီညွတ်ညွတ်ဖြင့် ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်နိုင်ရေးနှင့် ပြည်သူ့စစ်ဖွဲ့စည်းဆောင်ရွက်နိုင်ရေး လှည့်လည်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဆရာတော်ဦးဝါသဝအနေဖြင့် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်များတွင် ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်အတွင်းရှိ အုတ်ဖိုကျေးရွာ၊ ရေကြည်ကျေးရွာ၊ ခေါ်သန္တီကျေးရွာနှင့် မိုးကြိုးကျေးရွာများမှ ရွာသူရွာသားများထံ ကိုယ်တိုင်သွားရောက်တွေ့ဆုံဆွေးနွေး၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လျက်ရှိသည့် KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်နှင့် ပြည်သူ့စစ်များဖွဲ့စည်း၍ ကာကွယ်ဆောင်ရွက်နေမှုအခြေအနေ၊ ပြည်သူ့စစ်ဖွဲ့စည်းရခြင်းမရှိသေးသည့် ကျေးရွာများတွင် ညီညီညွတ်ညွတ်ဖြင့် ပြည်သူ့စစ်ဖွဲ့စည်း၍ ကိုယ့်ရပ်ရွာကို ကာကွယ်သင့်သည့် အခြေအနေများကို ဆွေးနွေးမိန့်ကြားခဲ့ကြောင်း သိရသည်။

ဆရာတော် ဦးဝါသဝ က "ဒီကနေ့ကတော့ ကန့်ဘလူမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စုထဲက အုတ်ဖိုရွာနဲ့ ရေကြည်ရွာပေါ့။ နောက်တော့ ခေါ်သန္တီကျေးရွာအုပ်စုထဲက ခေါ်သန္တီရွာနဲ့ မိုးကြိုးရွာက မိသားစုဝင်တွေကို တွေ့ဆုံဆွေးနွေးပါတယ်။ ပြည်သူ့စစ် ဖွဲ့စည်းတယ်ဆိုတာက ကိုယ့်ရွာသူရွာသားအချင်းချင်း ဒုက္ခပေးဖို့ မဟုတ်ဘူး။ ညီညီညွတ်ညွတ်နဲ့ KIA/PDF အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ဖို့ဖြစ်တယ်။ ဘုန်းကြီးကတော့ ကြိုက်တဲ့လမ်းကို ရွေးချယ်ကြ။ ဥပဒေဘောင်အတွင်းမှာ နေကြမလား၊ အကြမ်းဖက်လမ်းစဉ်နောက်ကိုလိုက်မလား ဒါကိုပဲ အဓိက ပြောတာပါ။ ပြည်သူ့စစ်ဖွဲ့စည်းထားတဲ့ ကျေးရွာတွေမှာ KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်ကို ကာကွယ်နိုင်တယ်။ ဒါကြောင့် မဖွဲ့ရသေးတဲ့ ကျေးရွာတွေမှာလည်း ဖွဲ့စည်းနိုင်အောင် ဆက်လက်ဆောင်ရွက်ပေးနေပါတယ်။" ဟု မိန့်ကြားသည်။

ဆရာတော်ဦးဝါသဝ အနေဖြင့် NLD အစွန်းရောက်တို့၏ အကြမ်းဖက်ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီး မိသားစုဝင်များ အသတ်ခံရ၊ အိုးအိမ်များမီးရှို့ဖျက်ဆီးခံရခြင်းကြောင့် အတိဒုက္ခရောက်နေရသူများကို ကူညီကယ်တင်ရင်းမှ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး ပြည်သူ့စစ်ဖွဲ့စည်းဆောင်ရွက်မှုများ လုပ်ဆောင်လာခြင်းကြောင့် NLD အစွန်းရောက်များ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဆရာတော်က ရွာစဉ်လှည့်၍ အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး စည်းရုံးဆောင်ရွက်ရာတွင် မိုင်းဆွဲ၍ တိုက်ခိုက်ခြင်း၊ ချောင်းမြောင်းလုပ်ကြံခြင်းများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဒေသခံပြည်သူများ အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူ့စစ်ဖွဲ့စည်းပေးထားပြီးဖြစ်သော ကျေးရွာများမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ လိုအပ်ချက်များကိုလည်း တာဝန်ရှိသူများထံ တင်ပြကာ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment