Pages

Pages

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်








MNP ၊ ဇွန် ၃၀

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ နှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များအား ဂုဏ်ပြုဆုချီး မြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တက္ကသိုလ်များရှိ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခ ချုပ်များ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာနှင့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဆရာ/ဆရာမများ၊ ထူးချွန် ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ ကြသည်။


ရှေးဦးစွာ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တိုင်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သောအခမ်းအနားသည် မိမိတို့တိုင်းဒေသကြီးအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် မိမိတို့တိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ (၁၂၄၂၁) ဦးရှိပြီး အောင်မြင်သူ (၉၃၁၂)ဦးရှိကာ အောင်ချက်(၇၅.၀၄)ရာခိုင်နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အောက်ချက်အကောင်းဆုံးရရှိခဲ့သည့်အပြင် (၆)ဘာသာဂုဏ်ထူးရှင်(၆၅)ဦး၊ (၅)ဘာသာဂုဏ်ထူး ရှင် (၁၃၅)ဦး၊ (၄) ဘာသာ ဂုဏ်ထူးရှင် (၂၀၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၄၉၁)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၇၄၆)ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင်(၂၃၉၁)ဦး စုစုပေါင်းဂုဏ်ထူးရရှိသူ(၄၀၁၉)ဦး ထူးချွန်စွာ အောင်မြင်ခဲ့ကြပြီး မြန်မာ တစ်နိုင်ငံလုံးဘာသာရပ်တွဲအလိုက် အမှတ်အများဆုံး (၁၀)ဦး စာရင်းဝင်(၂)ဦးကိုလည်း မွေးထုတ်ပေး နိုင်ခဲ့သလို တစ်နိုင်ငံလုံးအောင်ချက် ပထမရရှိခဲ့ ခြင်းဖြစ်ကာ မိမိတို့တိုင်းဒေသကြီး၏ အကောင်ဆုံး အောင်မြင်မှုရာနှုန်းအဖြစ် မှတ်တမ်း တင်ထားရှိရမည်ဖြစ်ပါကြောင်း၊ (၂၁)ရာစုခေတ်တွင် ပညာရေးသည် နိုင်ငံတစ်ခု၏ စီးပွားရေး ရှင်သန်ကောင်းမွန်လာစေရေးနှင့် တည်ငြိမ်တိုးတက်မှုရှိစေရေးအတွက် အဓိကအက္ခရာဖြစ် လာပြီး မတီထွင်ရသေးသောနည်းပညာများ၊ မတွေ့ကြုံဖူးသော ပြဿနာများအား ဖြေရှင်းနိုင်ရန် သင်ခန်းစာအသစ်များအား ကျောင်းသင်ရိုး ညွှန်းတမ်းများတွင် အချိန်ကိုက်ထည့်သွင်း သင်ကြား လေ့ကျင့်ပေးနေကြသည်ကို တွေ့ရှိရပြီး မိမိတို့ မြန်မာနိုင်ငံတွင်လည်း KG +12 ပညာရေး စနစ်သစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် KG မှ စ၍ Grade 12 အထိ သစ်ရိုးသစ်ဖြင့် သင်ကြားနေပြီဖြစ်ကာ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ  နည်းစနစ်ကျစွာ သင်ကြားသင်ယူနိုင်စေရန် တာဝန်ရှိ သူများအနေဖြင့် ကြီးကြပ်ပေးရန် တိုက်တွန်းမှာကြားလိုသလို မိဘအုပ်ထိန်းသူများ အနေဖြင့် ကျောင်းသား/သူများအား ဇွန်လ(၃၀)ရက်နေ့ နောက်ဆုံးထား ကျောင်းအပ်နှံကြရန်နှင့် ကျောင်းတက်မှန်ကန်စေရေး၊ ကျောင်းမှ ပုံမှန်ပြုလုပ်သည့် စာမေးပွဲများကို ကျောင်းသား/သူများ ကြိုစားကျက်မှတ် ဖြေဆိုစေရေးအတွက် မိဘအုပ်ထိန်းသူများက အလေးထား ဆုံးမသွန်သင် ပေးကြရန် အသိပေးမှာကြားလိုပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတိုင်းတွင် လူစွမ်းအားအရင်မြစ်သည် အဓိကအရေးပါသည့်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနေသည့် ပညာရေးကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍတစ်ဖြစ်သည့်အလျောက် နိုင်ငံတော် အစိုးရအနေဖြင့်လည်း “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေး” ဟူသည့် လူမှုရေး ဦးတည်ချက်တစ်ရပ်ကို ထည့်သွင်းချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောက်ချက်အကောင်းဆုံး တိုင်းဒေသကြီးဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် အခြေခံပညာနှင့် ပုဂ္ဂလိက ကျောင်းများမှ ဆရာ/ဆရာမများ၊ တာဝန်ရှိသူများ၏ ကြိုးပမ်းအားထုတ်ခဲ့မှုများနှင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဝမ်းမြောက်ဂုဏ်ယူခြင်းများဖြင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသက်လေးဦးက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပြီး ၂၀၂၃ခု နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့် “Top Ten” ဆုရရှိသူ(၂)ဦးနှင့် (၆)ဘာသာ ဂုဏ်ထူးရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့ ဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် (၅) ဘာသာဂုဏ်ထူးရှင်(၁၃၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂၀၄)ဦးနှင့် ကျောင်းပြင်ပ ပညာရေးမှ ဂုဏ်ထူး (၁)ဘာသာဖြင့် အောင်မြင်ခဲ့သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တက္ကသိုလ်များရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ယင်းနောက် တိုင်းဒေသကြီးအဆင့် အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲအကြို ဆန်းစစ်လွှာမေးခွန်းပြုစုပေးခဲ့သည့် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုဆုလက်မှတ်များကို တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေး မှူးကလည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ (၁၂၄၂၁)ဦးရှိပြီး အောင်မြင်သူ(၉၃၂၁)ဦးရှိကာ အောင်ချက်(၇၄.၀၄)ရာခိုင်နှုန်းဖြင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များတွင် အောင်ချက်အကောင်းဆုံးရရှိခဲ့ပြီး(၆)ဘာသာဂုဏ်ထူးရှင် (၆၅)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁၃၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂၀၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၄၉၁)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၇၄၆)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၂၃၉၁)ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ (၄၀၁၉)ဦးတို့ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်အပြင် မြန်မာတစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံး (၁၀) ဦး စာရင်းဝင်(၂)ဦးကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ ကြောင်း သိရသည်။


မောင်ညီညာ 

#MyanmarNationalPost

No comments:

Post a Comment