စစ်တွေမြို့ သန့်ရှင်းသာယာရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို လမ်းပိုင်းအလိုက်သတ်မှတ်၍ အင်အားပြည့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့ သန့်ရှင်းသာယာရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို လမ်းပိုင်းအလိုက်သတ်မှတ်၍ အင်အားပြည့်ဆောင်ရွက်






MNP ၊ ဇွန် ၆

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ စာသင်ဆောင်များ ပြန်လည် ပြုပြင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီကျောင်းတိုက်၌ ကျင်းပသည်။


အခမ်းအနားသို့ ရခိုင်ပြည်နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး စစ်တွေမြို့ ရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပဓာနနာယက ဆရာတော်မဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ အရိယဝံသအမှူးပြုသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြည်ညိုကြသည်။


ဦးစွာ မင်းကျောင်းဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တဉာဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက လှူဒါန်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ခုနစ်ကျောင်းမှ ကျောင်းအုပ်ဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ စာသင်ဆောင်များ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဒေါက်တာဘဒ္ဒန္တ အရိယဝံသထံမှ ရေစက်ချတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။


ယနေ့အခမ်းအနားတွင် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ဆောင်များ အမြန်ဆုံး ပြုပြင်နိုင်ရန် စစ်တွေမြို့ပေါ်ရှိ ရွာကြီးမြောက်ရပ်ကွက် ခေမာမဏ္ဍိုင် ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်း၊ ကျောင်းတက်လမ်းရပ်ကွက် ရွှေစေတီဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း၊ ဆတ်ရိုးကျရပ်ကွက် ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း၊ ဓညဝတီ(က)ရပ်ကွက် မင်းကျောင်းဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်း၊ မင်းဂံ ရပ်ကွက်(၁) ဝေသာလီဘုန်းတော်ကြီးသင် ပညာရေးမူလတန်းကျောင်း၊ လမ်းမတော်ရပ်ကွက် အမျိုးသားကျောင်း ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းကျောင်း၊ မင်းဂံရပ်ကွက်(၆) မဟာဗောဓိဘုန်းတော်ကြီးသင် ပညာရေးမူလတန်းကျောင်း ခုနစ်ကျောင်းသို့ စုစုပေါင်းအလှူငွေကျပ် သိန်း ၁၂၀၀ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် အဆိုပါဘုန်းတော်ကြီးသင် ပညာရေးကျောင်း ခုနစ်ကျောင်း၌ ကျောင်းသား ကျောင်းသူ ၁၅၅၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။


အခမ်းအနားတွင် Lucky Asia Inter-national Co., Ltd. မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆေးဝါးများကို ရုပ်ရှင်သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်က ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံရယူသည်။


ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများနှင့် ဒုတိယဝန်ကြီးများက သဘာဝဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြပြီး တင်ပြဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စစ်တွေမြို့ သန့်ရှင်းသာယာရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို လမ်းပိုင်းအလိုက်သတ်မှတ်၍ အင်အားပြည့် ဆောင်ရွက်ရန်၊ မြို့တွင်းရှိ ရှင်းလင်းပြီး အမှိုက်ပုံများနေရာတွင် အမှိုက်ပုံးများ လုံလောက်စွာထားရှိ၍ မြို့နေလူထုကိုလည်း စနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေး ဆောင်ရွက်သွားရန် မှာကြားပြီး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာ လေးခု၏ မိုဘိုင်းစခန်း စုစုပေါင်း ၁၂၃၃ စခန်းရှိသည့်အနက် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ကျန်စခန်း ၃၂၉ ခုဖြင့်သာ ဝန်ဆောင်မှုပေးခဲ့ရာမှ မြေပေါ်မြေအောက် ဖိုက်ဘာကေဘယ်လ်များပြုပြင်ခြင်း၊ အချို့သော မိုက်ခရိုဝေ့ဗ် ဆက်ကြောင်းများကို ဖိုက်ဘာဆက်ကြောင်းများဖြင့် ပြောင်းလဲချိတ်ဆက်ခြင်းနှင့် မိုဘိုင်းစခန်းပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၅ ရက်အထိ မိုဘိုင်း စခန်း စုစုပေါင်း ၈၅၅ စခန်း ပြန်လည် ပြုပြင်နိုင်ခဲ့သဖြင့် စုစုပေါင်းမိုဘိုင်းစခန်း ၁၁၈၄ စခန်း ရာခိုင်နှုန်းအားဖြင့် ၉၆ ဒသမ ၀၃ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)