အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၉၃၆.၇၂၃ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၄၄၆.၀၅၈ သန်း) တို့အား မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၉၃၆.၇၂၃ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၄၄၆.၀၅၈ သန်း) တို့အား မီးရှို့ဖျက်ဆီး









MNP ၊ ဇွန် ၂၈

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်များကို လည်းကောင်း၊ အခမ်းအနားများ တစ်ပြိုင်တည်းကျင်းပကြပြီး ဝတ္တုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများ အတွက် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။

(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ နေ့လည် ၁၁ နာရီအချိန်တွင်  ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့ ဥက္ကဌများ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုသင်တန်းကျောင်းတို့မှ ကိုယ်စားလှယ်များ၊  ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ မြို့မိမြို့ဖများ၊  စုစုပေါင်းအင်အား ၅၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်၊ ကယား ပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၅.၈၈၅ ကီလိုကျော်၊ ဘိန်းဖြူ ၅၆၂.၈၀၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၃ သန်းကျော်၊ အိုက်စ် ၄၇၉၃.၃၀၈ ကီလိုကျော်၊ ကက်တမင်း ၈၀၅.၃၅၉ ကီလိုကျော်၊ ဆေးခြောက် ၁၈၀.၈၇၆ ကီလိုကျော်၊ ဘိန်းညိုမှုန့် ၃၀၇.၃၁၅ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၃ မျိုးနှင့် ဓာတုပစ္စည်း ၅၂ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၅၅.၂၆၈ ဘီလီ ယံကျော်(အမေရိကန်ဒေါ်လာ ၁၆၉.၁၇၅ သန်း)အား ဖျက်ဆီးခဲ့သည်။

တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာကို ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့် ဆုရရှိသူများနှင့် ပြည်နယ်အဆင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာပြခန်းများအား လှည့်လည် ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။ 

ထို့အတူ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ဒဂုံဧရာကုန်တင်ယာဉ် ရပ်နားကွင်း၌ နံနက် ၈ နာရီအချိန် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ ရဲချုပ်၊ ဗိုလ်ချုပ် ဇင်မင်းထက်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျပြည်ထောင်စုရဲအဖွဲ့(AFP)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်းအင်အား ၄၁၂ ဦး တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ၏ သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးအဖွဲ့ ဥက္ကဋ္ဌ က ဖတ်ကြားခြင်း၊ ဧည့်သည်တော်များမှ မီးရှို့ဖျက်ဆီးမည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား လိုက်လံကြည့်ရှုခြင်းတို့ပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော ဘိန်း ၁၇၆.၂၃၂ ကီလိုကျော်၊ ဘိန်းဖြူ ၉၂.၅၂၁ ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ သန်းကျော်၊ အိုက်စ် ၁၂၇၄၈.၃၀၅ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈.၈၃၈ ကီလိုကျော်၊ ကက်တမင်း ၄၁၆၃.၁၃၂ ကီလိုကျော်၊ ဆေးခြောက် ၃၈၅.၈၇၇ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၀ မျိုးနှင့် ဓာတုပစ္စည်း ၁၆ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၃၆.၄၅၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၂၀၇.၈၃၆၄ သန်းကျော်) အား ဖျက်ဆီးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို နံနက် ၁၀ နာရီအချိန် ပြုလုပ်ခဲ့ရာ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့် ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။ 

မန္တလေးမြို့တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အခမ်းအနားနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်း၌ နံနက် ၈ နာရီခွဲအချိန် ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တရုတ်ကောင်စစ်ဝန်ချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် သူနာပြုတက္ကသိုလ်တို့မှ ကိုယ်စားလှယ်များ၊ ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်းအင်အား ၁၁၀၀ ဦး တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာ စကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ၏ သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့် ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ပြခန်း များအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီးခြင်း အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည် နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၈.၀၃၁ ကီလိုကျော်၊ ဘိန်းဖြူ ၆၁၀.၄၄၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်းကျော်၊ အိုက်စ် ၃၅၂၇.၇၅၄ ကီလိုကျော်၊ ကက်တမင်း ၂၂.၆၇၃ ကီလိုကျော်၊ ဆေးခြောက် ၂၇၄.၇၈၇ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၁၅ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၄၄.၉၉၈ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၆၉.၀၄၆၇ သန်း) အား ဖျက်ဆီးခဲ့သည်။

ယခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ် များကို တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့ တို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး စုစုပေါင်းအင်အား ၂၀၆၂ ဦး တက်ရောက်ခဲ့ကာ ဘိန်း ၁၁၃၀.၁၄၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၂၆၅.၇၇၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ သန်းကျော်၊ အိုက်စ် ၂၁၀၆၉.၃၆၇ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈.၈၃၈ ကီလိုကျော်၊ ဆေးခြောက် ၈၄၁.၅၄၁ ကီလိုကျော်၊ ကက်တမင်း ၄၉၉၁.၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန့် ၃၀၇.၃၁၅ ကီလိုကျော်အပါအဝင် မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၉၃၆.၇၂၃ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၄၄၆.၀၅၈ သန်း) တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများ အပြား ဖမ်းဆီးရမိဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)