အိန္ဒိယက မြန်မာကို ရူပီးဖြင့်ကုန်သွယ်မှု အမြန်စတင်ဖို့ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယက မြန်မာကို ရူပီးဖြင့်ကုန်သွယ်မှု အမြန်စတင်ဖို့ တောင်းဆို


MNP ၊ ဇွန် ၁၃

သဘောတူထားသည့် လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည့် ရူပီးဖြင့် ကုန်သွယ်မှုတွင် ငွေပေးချေမှု လုပ်ငန်းစဉ်ကို အမြန်စတင်ရန် အိန္ဒိယဘက်မှ  မြန်မာဘက်သို့ တိုက်တွန်းခဲ့သည်ဟု ပို့ကုန်လုပ်ငန်းရှင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့(ဇွန် ၁၂)တွင် ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့မြင်ရသည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပြီး ၎င်းကိစ္စကို ဆွေးနွေးခဲ့ကြပါသည်။

"လုပ်ထုံးလုပ်နည်းအသစ်  မကြာမီ လုပ်ငန်းလည်ပတ်နိုင်တော့မယ်လို့ မြန်မာဝန်ကြီးက အာမခံပါတယ်" ဟု အင်ဂျင်နီယာဆိုင်ရာ ပို့ကုန်မြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌဟောင်း P.K Shah က အစည်းအဝေးအပြီးတွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သည် အိန္ဒိယနိုင်ငံမှ ဆေးဝါးနှင့် ကုန်ထုတ်ပစ္စည်းများ တင်ပို့မှုအပြင် မြန်မာနိုင်ငံမှ ပဲမျိုးစုံ၊ သစ်နှင့် အခြား ထုတ်ကုန်များ တင်သွင်းမှု မြင့်မားလာစေရန် အထောက်အကူ ဖြစ်စေကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ရူပီးသုံးစွဲသည့် လုပ်ထုံးလုပ်နည်းကို စတင်လိုက်ပြီးလျှင် ကန်ဒေါ်လာ ၁.၈ ဘီလီယံအထိ မြင့်တက်သွားနိုင်သည်ဟု P.K Shah က ပြောကြားသည်။

အိန္ဒိယနိုင်ငံ ဗဟိုဘဏ် Reserve Bank of India က နိုင်ငံပိုင် Punjab National Bank ကို special rupee vostro account (SRVA) ဖွင့်ထားပြီး မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး ငွေပေးချေမှုများ လုပ်ကိုင်ရန် အခွင့်အာဏာ ပေးထားသည်။

၎င်းလုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံသို့  တင်ပို့မှုအားလုံးကို အိန္ဒိယရူပီးဖြင့် ငွေပေးချေမှုကို လက်ခံမည်ဖြစ်သည်။ ၎င်းပို့ကုန်ဝင်ငွေ ရူပီးများကို အိန္ဒိယမှ တင်သွင်းသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေမှု ပြုလုပ်ရန် အသုံးပြုနိုင်သည်။

Punjab National Bank က မြန်မာမှ CB Bank နှင့် UAB Bank တို့ကို ကုန်သွယ်မှု ငွေပေးချေခြင်းများအတွက် ရူပီးနှင့် ကျပ်တို့ဖြင့် vostro account တစ်ခု ဖွင့်ထားရန် ပြောကြားခဲ့သည်။ သို့သော် အစိုးရသည် လုပ်ထုံးလုပ်နည်းအသစ်တွင် အခြားဘဏ်များပါဝင်ရန် ဆန္ဒရှိနေသည်။

"သဘောတူထားတဲ့ လုပ်ထုံးလုပ်နည်းအသစ်ကို အသက်သွင်းဖို့ မကြာခင်မှာ ဆုံးဖြတ်ချက်တစ်ခုကို ကြေညာနိုင်မှာပါ” ဟု Shah က ပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)