ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးတောင်သူများမှ သက်သာသော နှုန်းထားဖြင့် ရောင်းချပေးသည့် ဗုဒ္ဓဟူးနေ့အခွန်လွတ်ဈေး၌ ပြည်သူအများရောင်းဝယ်နေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးတောင်သူများမှ သက်သာသော နှုန်းထားဖြင့် ရောင်းချပေးသည့် ဗုဒ္ဓဟူးနေ့အခွန်လွတ်ဈေး၌ ပြည်သူအများရောင်းဝယ်နေမှုအား ကြည့်ရှုအားပေး






MNP ၊    ဇွန်   ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စိုက်ပျိုးမွေးမြူရေးတောင်သူများမှ သက်သာသောနှုန်းထားဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောင်းချသည့် အခွန်လွတ်ဈေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တို့တွင် သီးခြားစီဖွင့်လှစ် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမှတ်(၉)ရပ်ကွက် ပြည်နယ်ကမ္မဌာန်း ကျောင်းလမ်း၌ ဖွင့်လှစ်ထားသော ဗုဒ္ဓဟူးနေ့အခွန်လွတ်ဈေးတွင် ရောင်းသူ၊ ဝယ်သူများဖြင့် စည်ကားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။


အခွန်လွတ်ဈေးတွင် အာဟာရပြည့်ဝလတ်ဆက်သည့် ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ဘဲဥ၊ ကြက်ဥ အစရှိသော အသား၊ ငါးနှင့် ဥအမျိုးမျိုး၊ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ မြေပဲဆီသန့်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး အရည်အသွေးပြည့်ဝ၍ ဘေးဥပါဒ်ကင်းရှင်းသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံ တိုက်ရိုက်ရောင်းချခြင်းဖြစ်သည့်အတွက်  ကုန်ဈေးနှုန်းတည်ငြိမ်၍ လျော့နည်းကျဆင်းစေကာ ဒေသခံစိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် စားသုံးသူများ အတွက်ပါ အကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကဒေါင်မွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာအောင်မြင့်ဟန်တို့က လှာကဒေါင် မွေးမြူရေးဇုန် ၇၆ ဒဿမ ၆ ဧက တွင် မြေနေရာအသုံးပြုမှုနှင့် ဥစားကြက်၊ အသားစားကြက်၊ နွား၊ ဝက်၊ ဆိတ် မွေးမြူထားရှိမှုအခြေအနေ၊ လအလိုက် မွေးမြူထုတ်လုပ်မှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မွေးမြူတိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် လှာကဒေါင်မွေးမြူရေးဇုန်မှ တောင်သူများက လက်လီ၊ လက်ကား ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းစေရေး၊ တိရစ္ဆာန်အစာဈေးနှုန်း တည်ငြိမ်မှုရှိစေရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က စားသုံးသူနှင့်ထုတ်လုပ်သူတိုက်ရိုက်တွေ့ဆုံ၍ မွေးမြူရေးတောင်သူများ ကိုယ်တိုင် ရောင်းချနိုင်ရေး ဈေးကွက်ဖော်ဆောင်ပေးနိုင်ရန်နှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွေးမြူရေးတောင်သူဦးအောင်ဌေးမြင့်၏ ဥစားကြက်ကောင်ရေ (၁၀၀၀)မွေးမြူရေးခြံ၊ တောင်သူဦးထွန်းအေး၏ ဝက်ကောင်ရေ(၁၈)ကောင် မွေးမြူရေးခြံ၌ ဒေသထွက်ကုန်ကြမ်းများအား အသုံးပြု၍ အစာကြိတ်ခွဲစက်ဖြင့် ကြိတ်ခွဲ ရောနှောကျွေးမွေးမှုပုံစံ၊ တောင်သူဦးစိုးသန်း၏ နွားမွေးမြူရေးခြံတို့အား လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များ မိုးရာသီ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆားများကို ဆက်ကပ်လှူဒါန်းပေး သွားမည်ဖြစ်ရာ ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သရက်တောကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေများအတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် သရက်တော ကျောင်းတိုက်စာချဆရာတော်ဘဒ္ဒန္တဉာဏဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကျောင်းတိုက်တွင်သီတင်းသုံး နေထိုင်တော်မူကြသော သံဃာတော်၊ သာမဏေ စုစုပေါင်း ၂၂၈ ပါးအတွက် ဆွမ်းဆန်တော် ၅၇ အိတ်ကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။


ဘားအံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းပေါင်း ၇၆ ကျောင်းတွင် သံဃာတော်၊ သီလရှင် စုစုပေါင်း ၃၆၉၂ ပါး သီတင်းသုံး နေထိုင်ကြပြီး မိုးရာသီ ဝါတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၆၂၇၆၄၀၀၀ (ခြောက်ရာနှစ်ဆယ့်ခုနှစ်သိန်း ခြောက်သောင်းလေးထောင်) တန်ဖိုးရှိ ဆန်အိတ်ပေါင်း ၉၂၃ အိတ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ လိုက်လံဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့် စိန်ပန်းနီလမ်းထောင့်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ)RC (၆)ထပ် အဆောက် အဦဆောက်လုပ်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ အဆောက်အဦအထူးအဖွဲ့(၁၃) ဒုတိယညွှန်ကြား ရေးမှူးဦးမြင့်သူက အဆောက်အဦဖောင်ဒေးရှင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)