နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူ သရုပ်ပြပညာပေးစိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းကို လာရောက်လေ့လာသည့် မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများအား တွေ့ဆုံအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူ သရုပ်ပြပညာပေးစိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းကို လာရောက်လေ့လာသည့် မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများအား တွေ့ဆုံအားပေး



MNP ၊    ဇွန်   ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဇေယျာသီရိမြို့နယ်၊ ရှာစေးဖိုကျေးရွာအနီးရှိ စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေး စိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုအား မြို့နယ်ရှစ်မြို့နယ်မှ စပါးစိုက်တောင်သူ ၃၀၀ ကျော်ခန့် လာရောက် လေ့လာကြည့်ရှုနေမှုကို  သွားရောက်တွေ့ဆုံအားပေးသည်။


ထိုသို့တွေ့ဆုံစဉ်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ယခုသရုပ်ပြစိုက်ပျိူးမည့် စိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ရတနာတိုး  တစ်ဧက၊ ပြည်တော်ရင် ၀ ဒသမ ၇၉ ဧကနှင့် ထိုင်းနှံကောက် ၁ ဒသမ ၈၉ ဧကဖြင့် စပါးမျိုးသုံးမျိုးကို စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း၊ စပါးသားတက်ဆင့်ပွား နည်းပညာသရုပ်ပြ စိုက်ခင်းများအနေဖြင့် စိုတစ်လှည့် ခြောက်တစ်လှည့် စိုက်ပျိုးရေပေးဝေသည့် (Alternate Wet and Dry) စနစ်ဖြင့်် စပါးပင်၏ ရေလိုအပ်ချက်ကို တိုင်းတာတွက်ချက်၍ ရေကိုလိုအပ်သလောက် သာပေးဝေသည့် နည်းစနစ်တို့ကို အသုံးပြုပြီး သရုပ်ပြစိုက်ပျိုးသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ သီးထပ်စွမ်းအားတိုးတက်မြင့်မားဖို့အတွက် တစ်နှစ်လျှင် သုံးသီး စိုက်ပျိုးနိုင်ရေးသည် အဓိကအရေးကြီးဆုံးဖြစ်ပြီး စိုက်ပျိုးရေကို ချွေတာပြီး လိုအပ်သလောက်သာ သုံးစွဲဖို့ အလွန်အရေးကြီးပါကြောင်း၊  ဒီနည်းပညာကို အသုံးပြုစိုက်ပျိုးပြီး စိုက်ပျိုးရေကို စနစ်တကျ အသုံးပြုစိုက်ပျိုးမယ်ဆိုရင် သားဆက်ပင်များဟာ မိခင်ပင်ကဲ့သို့ အထွက်နှုန်း တည်ငြိမ်မှုရှိခြင်း၊ မိခင်ပင်ထက် သက်တမ်းတိုသဖြင့် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ရန် အချိန်ပိုမိုရရှိခြင်း၊ မိခင်ပင်ကဲ့သို့ ပျိုးခင်းမပြင်ရခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးရန်အတွက် သမန်းမပြင်ရခြင်းနှင့် လက်ကျန် အစိုဓာတ်ဖြင့် ရှင်သန်ကြီးထွားချိန် ကာလများစွာ ရရှိခြင်းတို့ကြောင့် မျိုး၊ လုပ်အားခ၊ စိုက်ပျိုးရေနှင့် အချိန်တို့ကို ချွေတာနိုင်မည် ဖြစ်သည့်အပြင်  အထွက်ပန်းတိုင်အနေဖြင့် တစ်ဧကလျှင် စပါးတင်း ၁၀၀ ကျော်ထွက်ရှိမှာဖြစ်ကြောင်း၊    ဒုတိယ သားဆက်ပင်မှ မိခင်အပင်ကဲ့သို့  အထွက်ပန်းတိုင် အနေဖြင့် တစ်ဧကလျှင် စပါးတင်း ၁၀၀ ကျော်ထွက်ရှိမှာ ဖြစ်သည့်အတွက် ထွက်ရှိလာသည့် စပါးစေ့များဟာ မိခင်ပင်ကဲ့သို့ မှန်ကန်သောမျိုးစေ့များ ဖြစ်သောကြောင့် မျိုးစေ့အနေဖြင့် ရောင်းချဖြန့်ဖြူးနိုင်မှာ ဖြစ်သည့်အတွက် ပုံမှန်စပါးရောင်းချမှုထက် ပိုမိုဝင်ငွေရရှိစေမှာပဲ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ သုံးရပ်ရှိပြီး စိုက်ပျိုးရေကဏ္ဍ၌ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကဏ္ဍရှိပြီး ထိုမှတစ်ဆင့် စိုက်ပျိုးထွက် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို ဆောင်ရွက်ကြခြင်းဖြစ်သဖြင့် နိုင်ငံတော်၏ GDP တိုးတက်ရေးတွင် စိုက်ပျိုးရေးကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ သုတေသန ပြုချက်တွေ အရ အောင်မြင်ဖြစ်ထွန်းမယ့် နည်းလမ်းတွေကို တောင်သူတွေ သိရှိနားလည်ပြီးလိုက်ပါ ဆောင်ရွက်တတ်ဖို့ အထူးလိုပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် “မျိုး၊ မြေ ၊ ရေ ၊ နည်း” လေးမျိုးဟာ အဓိကလိုအပ်ချက်များဖြစ်ကြောင်း၊ အထွက်တိုးသည့် မျိုးကောင်းမျိုးသန့်များ၊ ခေတ်မီစက်ကိရိယာများ၊ စိုက်ပျိုးရေရယူသည့် စနစ်များနှင့် စိုက်ပျိုးနည်းပညာများကို အသုံးပြုစိုက်ပျိုးကြ၍ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးကာ အထွက်နှုန်းများ တိုးတက်ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် စပါးသား တက်ဆင့်ပွား စိုက်ပျိုးနည်းပညာဖြင့် စိုက်ပျိုးနိုင်ရေးအတွက် လာရောက်သည့် တောင်သူများအနေဖြင့် လေ့လာမှတ်သားပြီး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စိုက်ပျိုးစေလိုကြောင်း ပြောကြားသည်။


ထို့နောက်  နေပြည်တော်စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော်စက်မှု လယ်ယာဦးစီးဌာန၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန များမှ တာဝန်ရှိသူများက စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာများ၊ စိုက်ပျိုးနည်းစနစ်နှင့် အကျိုးကျေးဇူးများ၊ စပါးသား တက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြပညာပေးစိုက်ခင်း ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စက်မှုလယ်ယာစနစ် အသုံးပြုမည့်အခြေအနေများ၊ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” လေးမျိုးဟာ အဓိကလိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများက စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်း တွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


ယင်းနောက် တက်ရောက်လာသည့် တောင်သူများက စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။


အဆိုပါ စပါးသားတက်ဆင့်ပွားနည်းပညာသည် ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး မြေသြဇာများ စနစ်တကျအသုံးချနိုင်လျှင် မိခင်အပင်၏ အထွက်နှုန်းနှင့် ကွာခြားမှုမရှိသော အထွက်နှုန်းရရှိ နိုင်ခြင်း၊ မိခင်အပင်ထက်သက်တမ်းတိုးခြင်းကြောင့် တစ်နှစ်လျှင် သုံးသီးလွယ်ကူစွာ စိုက်ပျိုးနိုင်ခြင်း၊ ပျိုးခင်း ပြင်ဆင်ခြင်း၊ ကောက်စိုက်ခြင်းတို့အပြင်၊ မျိုး၀ယ်ယူခြင်း၊ လုပ်အားခနှင့် စိုက်ပျိုးရေအသုံးပြုမှုများ လျော့ချနိုင်ခြင်း၊ ထပ်မံထွန်ယက်စိုက်ပျိုးရန်မလိုအပ်သဖြင့် မီသိန်းဓါတ်ငွေ့ ထွက်ရှိမှုကိုလျော့ချနိုင်သဖြင့် သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ သားတက်မျိုးစေ့သည် မိခင်ပင်ကဲ့သို့မျိုးကောင်း မျိုးသန့် မျိုးစေ့ကို ရရှိနိုင်သဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်းနှင့် စိုက်ပျိုးနည်းစနစ်ကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူများအား ဖြန့်ဝေပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)